“တရုတ်နိုင်ငံ၏ အရှည်ဆုံး မြို့ပတ်မြေအောက်ရထားလမ်း ဝူဟန့်မြို့တွင် အပြည့်အဝစတင်ပြေးဆွဲ”

30 Oct

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ် မြို့တော်ဝူဟန့်ရှိ မြေအောက်ရထားလမ်း အမှတ် ၁၂ ကို အောက်တို ဘာလ ၂၉ ရက်တွင် အပြည့်အဝစတင်ပြေးဆွဲခဲ့ပြီး တရုတ်နိုင်ငံ၏ အရှည်ဆုံး မြို့ပတ်မြေအောက်ရထားလမ်း ဖြစ်လာကြောင်း တရုတ်နိုင်ငံ မြေအောက်ရထားအသင်း၏ အဆိုအရသိရသည်။ ကီလိုမီတာ ၅၉.၉ ရှည်လျားပြီး ဝူဟန့်မြို့၏ မြို့ပြခရိုင်ခုနစ်ခုရှိ မြေအောက်ဘူတာရုံ ၃၇ ခုကို ဝန်ဆောင်မှု ပေးသည့် အဆိုပါရထားလမ်းသည် ဝူချန်းနှင့် ဟန့်ခို ရထားလမ်းဗဟိုချက်များကို ဆက်သွယ်ပေးပြီး လက်ရှိနှင့် စီစဉ်ထားသော ရထားလမ်း ၁၈ ခုသို့ ကူးပြောင်းစီးနင်းနိုင်ရန် ပံ့ပိုးပေးသည်။ ရထားလမ်း တစ်ပတ်အပြည့် ပြေးဆွဲရန် ၉၆ မိနစ်ခန့် ကြာမြင့်သည်။ ရထားလမ်းကို အဆင့်နှစ်ဆင့်ဖြင့် ဖွင့်လှစ်ခဲ့သည်။ ကီလိုမီတာ ၃၅.၃ ရှည်လျားသော ပထမအဆင့်ကို ယခုနှစ် မေလ ၁ ရက်တွင် စတင်ပြေးဆွဲခဲ့သည်။ ဒုတိယအဆင့်ကို ယခုစတင်ပြေးဆွဲလိုက်သောကြောင့် ဝူဟန့်မြို့ မြေအောက် ရထားလမ်း ပြေးဆွဲမှုအရှည်သည် ၅၈၁ ကီလိုမီတာကျော်လွန်ပြီး ဘာလင်မြို့နှင့် မြူးနစ်မြို့အကြား သို့မဟုတ် ရောမမြို့နှင့် မီလန်မြို့အကြား ကားဖြင့်မောင်းနှင်ရသော လမ်းခရီးအကွာအဝေးခန့်ဖြစ်သည်။ “မြစ်မြို့တော်”အဖြစ် လူသိများသော ဝူဟန့်တွင် ရှုပ်ထွေးသောပထဝီဝင်နှင့် ရေအရင်းအမြစ် အခြေအနေများ ရှိပြီး တည်ဆောက်စဉ်အတွင်း စိန်ခေါ်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါရထားလမ်းသည် ယန်ဇီမြစ်အောက်သို့ နှစ်ကြိမ်နှင့် ဟန့်ကျန်းမြစ်အောက်သို့တစ်ကြိမ် ဖြတ်သန်းသွားသည်။ ဆောက်လုပ်ရေးအဖွဲ့များသည် ရေဖိအားမြင့်မား ခြင်းနှင့် ပေါင်းစပ်အလွှာများအပါအဝင် နည်းပညာဆိုင်ရာအခက်အခဲများစွာကို ကျော်လွှားခဲ့သည်။ အထူးသဖြင့် မြစ်ဖြတ်ကူးဥမင်လိုဏ်ခေါင်းတစ်ခုက အရှည် ၄ ကီလိုမီတာခန့်ရှိပြီး ၎င်း၏ အနိမ့်ဆုံးအမှတ်က ယန်ဇီမြစ်မျက်နှာပြင်အောက် ၇၁.၄ မီတာတွင် ရှိသည်။ ယင်းစီမံကိန်းက တရုတ်နိုင်ငံတွင် အချင်းအလွန်ကြီးမားသော မြစ်ဖြတ်ကူးဥမင်လိုဏ်ခေါင်းများ တည်ဆောက်ရန်အတွက် အဖိုးတန်အတွေ့အကြုံများကို ပေးစွမ်းခဲ့သည်။ အမြဲတမ်းနေထိုင်သူ ၁၃.၈၆ သန်းကျော်ရှိသော ဝူဟန့်မြို့သည် တရုတ်နိုင်ငံ၏ အဓိကသယ်ယူပို့ဆောင်ရေး ဗဟိုချက်တစ်ခုဖြစ်ပြီး ယန်ဇီမြစ်စီးပွားရေးရပ်ဝန်း၏ အဓိကမြို့တစ်မြို့လည်းဖြစ်သည်။ မြေအောက်ရထားလမ်း အမှတ် ၁၂ ဖွင့်လှစ်ခြင်းသည် မြစ်ဖြတ်ကူးသွားလာမှုကို ပိုမိုအဆင်ပြေချောမွေ့စေမည်ဟု မျှော်မှန်းထားကြသည်။ ယခုနှစ် ဇူလိုင်လတွင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ(၂၀၂၆-၂၀၃၀)အတွင်း ပေါင်းစပ်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဘက်စုံ မြှင့်တင်ရန် တရုတ်နိုင်ငံက အစီအစဉ်တစ်ခုထုတ်ပြန်ခဲ့သည်။ ၎င်းအစီအစဉ်က ခေတ်မီပေါင်းစပ်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုစနစ်ကို ၂၀၃၀ ပြည့်နှစ်နောက်ဆုံးထား၍ အခြေခံအားဖြင့် တည်ထောင်ရန်ရည်ရွယ်သည်။ အစီအစဉ်အရ တရုတ်နိုင်ငံအနေဖြင့် သယ်ယူပို့ဆောင်ရေး နည်းလမ်းအမျိုးမျိုးအကြား ချိတ်ဆက်မှုများကို တိုးတက်ကောင်းမွန်စေပြီး ခရီးသည်များ ကူးပြောင်းစီးနင်းမှုကို ပိုမိုအဆင်ပြေစေကာ ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးဝန်ဆောင်မှုများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

30 Oct

ADVERTISE HERE .