“အလိုရှိနေသူ ၁၁၂ ဦးကို နိုင်ငံ ၁၃ နိုင်ငံထံမှ ပြန်လည်ခေါ်ဆောင်နိုင်ရန် သီရိလင်္ကာနိုင်ငံ ကြိုးပမ်းလျက်ရှိ”

30 Oct

အင်တာပို၏ အနီရောင်အဆင့် သတိပေးချက်အရ အလိုရှိနေသော သံသယရှိသူ ၁၁၂ ဦးသည် နိုင်ငံ ၁၃ နိုင်ငံ တွင် ပုန်းအောင်းနေသည်ဟုယူဆရကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ဖော်ထုတ်ထားသည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့် ရှိသူ F.U. Wootler က အောက်တိုဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါသံသယရှိသူများကို သီရိလင်္ကာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာရန် အာဏာပိုင်များက ဆောင်ရွက် လျက်ရှိကာ ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းနောက်ဆုံးထား၍ ပြန်လည်ခေါ်ဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း “စည်းလုံးညီညွတ်သောနိုင်ငံ” ဟု အမည်ပေးထားသည့် နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေး၏ တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် Wootler က ပြောကြားခဲ့သည်။ ထိုသံသယရှိသူများသည် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနှင့် ဆက်စပ်သည့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက် နေပြီး ယင်းလုပ်ရပ်များမှတစ်ဆင့် တရားမဝင် ဝင်ငွေအမြောက်အမြား ရရှိခဲ့ကြသည်ဟု ၎င်းကဆိုသည်။ အိမ်ခြံမြေ၊ ယာဉ်များ၊ လက်ဝတ်ရတနာများနှင့် ငွေသားများအပါအဝင် တရားမဝင်လုပ်ရပ်များမှတစ်ဆင့် ရရှိလာသည့် ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့က အထူးတပ်ဖွဲ့ ၂ ဖွဲ့ကို တာဝန်ပေးအပ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ သိမ်းဆည်းရမိနိုင်ဖွယ်ရှိသည့် ပိုင်ဆိုင်မှုများအနေဖြင့် ၂၀၂၄ ခုနှစ်တွင် သီရိလင်္ကာရူပီး ၁.၄၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၄၉ သန်းခန့်)၊ ၂၀၂၅ ခုနှစ်တွင် ရူပီး ၁.၅၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် မကြာသေးမီအချိန် အထိ ရူပီး ၁.၆၆ ဘီလီယံတန်ဖိုးရှိ ပိုင်ဆိုင်မှုများကို အာဏာပိုင်များက ဖော်ထုတ်တွေ့ရှိထားကြောင်း Wootler ၏ အဆိုအရ သိရသည်။ (Repost from Xinhua Myanmar)

30 Oct

ADVERTISE HERE .