“နိုင်ငံဖြတ်ကျော်မီးခိုးမြူအား ကုစားရန်အတွက် အင်ဒိုနီးရှားနှင့် စင်ကာပူက ပူးတွဲလုပ်ငန်းအဖွဲ့ တည်ထောင်မည်”
30 Oct
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Arrmanatha Nasir သည် မကြာသေးမီက ခရီးစဉ်လာရောက်သည့် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan အား တွေ့ဆုံခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ပူးတွဲလုပ်ငန်းအဖွဲ့ တည်ထောင်၍ နှစ်နိုင်ငံအား အနှောင့်အယှက်ဖြစ်နေသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာအား ဖြေရှင်းရန် သဘောတူညီခဲ့ကြောင်း အင်ဒိုနီးယားမီဒီယာ၏ အောက်တိုဘာလ ၂၈ ရက် သတင်းဖော်ပြချက်အရ သိရသည်။ The Jakarta Post စသည့် မီဒီယာများစွာ၏ သတင်းဖော်ပြချက်အရ Arrmanatha Nasir နှင့် Vivian Balakrishnan သည် အောက်တိုဘာလ ၂၇ ရက်တွင် နှစ်နာရီနီးပါးကြာသော တံခါးပိတ်တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင် ခဲ့ကြောင်း၊ နှစ်ဖက်က ပူးတွဲကြေညာချက်အတွင်း မီးခိုးမြူကုစားရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့ တည်ထောင်ရန်၊ သက်ဆိုင်ရာလုပ်ငန်းကုမ္ပဏီအား ဥပဒေအရအရေးယူရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ Vivian Balakrishnan က အယ်လ်နီညိုအခြေအနေကြောင့် အရှေ့တောင်အာရှဒေသတွင် ခြောက်သွေ့၍ မိုးနည်းသောရာသီဥတု ဖြစ်ပွားခြင်းသည် မီးလောင်ကျွမ်းမှုကို အားပေးသော်လည်း သစ်တောမီးသည် လူသားတို့ လှုပ်ရှားသွားလာမှုကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ အမျိုးသားသဘာဝပတ်ဝန်းကျင်ဦးစီးဌာနက အင်ဒိုနီးရှားနိုင်ငံ သစ်တောမီးနှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိသည့် စင်ကာပူလုပ်ငန်းကုမ္ပဏီ ၁၀ ခုအား ဥပဒေအရ အရေးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဆိုခဲ့သည်။ အရှေ့တောင်အာရှရှိ အချို့သောဒေသများတွင် တောင်ယာမီးရှို့သည့်ဖြစ်စဉ်များ ကာလကြာရှည်စွာ တည်ရှိ နေသည်။ ဆီအုန်းစသည့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် လူများသည် မြောင်းတူးခြင်း၊ သစ်ဆွေးမြေ ရေဝပ်မှုများကို ဖယ်ရှားခြင်းတို့ကို လုပ်ဆောင်ကြသဖြင့် သစ်တောမီးအန္တရာယ် မြင့်မားလာခဲ့သည်။ ယင်းအနက် စိုက်ပျိုးရေးလုပ်ငန်းများစွာကို လုပ်ငန်းကုမ္ပဏီများက ဦးဆောင်ခြင်းဖြစ်သည်။ မီးခိုးမြူလုပ်ငန်းအဖွဲ့သည် သတင်းအချက်အလက်များမျှဝေခြင်း၊ နယ်စပ်ဖြတ်ကျော် သက်သေစုဆောင်းခြင်း နှင့် မီးလောင်ကျွမ်းမှုကြောင့် နစ်နာကြေးတောင်းခံခြင်း စသည့်ကဏ္ဍများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဟု Arrmanatha Nasir က ဆိုခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၀ နှစ်အတွင်း အဆိုးရွားဆုံး သစ်တောမီးလောင်ကျွမ်းမှုနှင့် ရင်ဆိုင်နေရပြီး မီးခိုးမြူ များသည် အနီးတစ်ဝိုက်ရှိ မလေးရှား၊ စင်ကာပူနှင့် အရှေ့တီမော စသည့်နိုင်ငံများသို့ ပျံ့နှံ့သွားရာ အချို့နိုင်ငံများတွင် စာသင်ကျောင်းများ ပိတ်ထားရခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါ လူနာအရေအတွက် များပြားလာခြင်း၊ ပြည်သူ များ အခန်းပြင်ပ၌ လှုပ်ရှားသွားလာမှု အကန့်အသတ်ဖြစ်ခြင်းတို့ ရှိလာခဲ့သည်။ အင်ဒိုနီးရှား စောင့်ကြည့်တိုင်းတာရေးပလက်ဖောင်း Nusantara Atlas ၏ အချက်အလက်များအရ ယခုနှစ် အတွင်း စက်တင်ဘာလကုန်အထိ အင်ဒိုနီးရှားတောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသောသစ်တောနှင့် မြေယာ ဧရိယာသည် ၁.၉ သန်း ဟက်တာကျော်ရှိကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို က ယခုရက်ပိုင်းတွင် စင်ကာပူနှင့် မလေးရှားနိုင်ငံက ပံ့ပိုးပေးသော မီးငြှိမ်းသတ်ရေးအကူအညီများအား လက်ခံရန်ခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာအသေးစိတ်လုပ်ငန်းများကို အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ(BNPB)က ညှိနှိုင်းအကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)