“ဖိလစ်ပိုင်အစိုးရ လှူဒါန်းတဲ့ သာသနိကအဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲကျင်းပ”

30 Oct

မန္တလေးငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအစိုးရက လှူဒါန်းတည်ဆောက်ပေးခဲ့တဲ့ RC တစ်ထပ် သာသနိကအဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲကို အောက်တိုဘာလ ၂၉ ရက်မှာ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ကိုးခမ်းကြီးဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါအဆောက်အအုံကို ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ ကိုးခမ်းကြီးကျောင်းတိုက်အတွက် ဖိလစ်ပိုင် အစိုးရက အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုဗဟိုဌာန(AHA Centre)မှတစ်ဆင့် လှူဒါန်းတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး အလျား ပေ ၅၀၊ အနံ ပေ ၃၀ ရှိကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်က ဖိလစ်ပိုင်အစိုးရသည် ငလျင်ဘေးအရေးပေါ်ကာလမှာ ရှာဖွေကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်ကူညီပေးခဲ့တဲ့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်း များမှာ ဆက်လက်ပံ့ပိုးပေးနေတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနှင့်ဖိလစ်ပိုင်နိုင်ငံတို့အကြား ရေရှည် ချစ်ကြည်ရေးနှင့် အာဆီယံမိတ်ဖက်ဆက်ဆံရေးကို အလေးထားကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ် စေရေး (No One Left Behind) မူဝါဒဖြင့် ကူညီပံ့ပိုးမှုများကို အသိအမှတ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်နိုင်ငံက သဘာဝဘေးအန္တရာယ်များကို မကြာခဏကြုံတွေ့ရတဲ့ နိုင်ငံဖြစ်လို့ မြန်မာငလျင်ဘေးသင့်ပြည်သူများ၏ အခက်အခဲများကို နားလည်ခံစားနိုင်ကြောင်းနှင့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး အနှစ် ၇၀ ပြည့်မြောက်ချိန်မှာ ယခုကဲ့သို့ လှူဒါန်းကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

30 Oct

ADVERTISE HERE .