“ဆိုးလ်မြို့ မြန်မာသံရုံးက ပတ်စ်ပို့သက်တမ်းတိုးရန် ၃ လစာ Online Booking လက်ခံမှုပြီးစီးကြောင်းထုတ်ပြန်”

30 Oct

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့လိုအပ်တဲ့ မြန်မာနိုင်ငံ သားများ ပိုမိုအဆင်ပြေစေရန်အတွက် လုပ်ငန်းစဉ်အချို့ကို တိုးမြှင့်ပြင်ဆင်ကာ ၃ လစာအတွက် Online Booking စနစ်နဲ့ လက်ခံဆောင်ရွက်ခဲ့ရာ သတ်မှတ်ဦးရေ ပြည့်မြောက်သွားပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၉ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ သံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသူများ အဆင်ပြေစေရန်အတွက် ယခင်က Online Booking ဖွင့်လှစ်မှုကို ကြိုတင်အသိပေးခြင်းမရှိခဲ့ရာမှ ယခုအခါနေ့ရက်နှင့်အချိန်ကို ကြိုတင်ကြေညာပြီး အလုပ်လုပ်ကိုင်သူ များ အားလပ်ချိန် ဖြစ်တဲ့ ညပိုင်းမှာ စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ယခင်က တစ်ရက်လျှင် လူဦးရေ ၂၅ ဦးမှ ၃၀ ဦးသာ လက်ခံရာမှ ၄၀ ဦးအထိ တိုးမြှင့်ခဲ့ပြီး ယခင်က တစ်လစာချင်းလုပ်ဆောင်ရာမှ ယခုအခါ ၃ လစာအထိ တိုးမြှင့်ကာ တစ်ပါတည်း လက်ခံပေးခဲ့ပါတယ်။ သတ်မှတ်တဲ့ ပတ်စ်ပို့သက်တမ်းကိုလည်း ယခင် ၆ လကျန်အပြင် ယခုအခါ ၉ လ ကျန်ရှိသူများကိုပါ တိုးမြှင့်လက်ခံပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါပြောင်းလဲမှုများအရ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလများအတွက် Online Booking ကို ကြိုတင်ကြေညာထားတဲ့အတိုင်း အောက်တိုဘာလ ၂၇ ရက် ည ၇ နာရီမှာ စတင်ဖွင့်လှစ်ပေးခဲ့ ပါတယ်။ စတင်ဖွင့်လှစ်ချိန်မှာ တစ်ပြိုင်တည်း ဝင်ရောက်အသုံးပြုသူ များပြားလွန်းခြင်းကြောင့် ဆာဗာပိုင်းဆိုင်ရာ နှောင့်နှေးကြန့်ကြာမှုများ အနည်းနှင့်အများ ဖြစ်ပွားခဲ့ပေမယ့် အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်း စိစစ်ချက်များအရ သတ်မှတ်ထားတဲ့ ၃ လစာအတွက် ရက်အလိုက် လူဦးရေပြည့် အောင်မြင်စွာ လက်ခံရရှိပြီးဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများအနက် E-9 ဗီဇာကိုင်ဆောင်ထားပြီး သက်တမ်း ၃ လနှင့်အောက်သာ ကျန်ရှိသူများအတွက် သီးခြားလုပ်ဆောင်ပေးမည့် အစီအစဉ်တစ်ရပ်ကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။ (NVS 008)

30 Oct

ADVERTISE HERE .