“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ ပြန်လည်ဖော်ဆောင်ရေး ပူးပေါင်းဆောင်ရွက်မည်”

30 Oct

အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်နည်းလမ်းများ ရှာဖွေဖော်ထုတ်နိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရို က အောက်တိုဘာလ ၂၉ ရက်မှာ နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဉ် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍနှင့်အခွင့်အရေးများ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများ ပိုမိုပေးအပ်နိုင်ရေးနှင့် မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်နည်းလမ်း များရှာဖွေဖော်ထုတ်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အကူအညီလိုအပ်သူများထံ လူသားချင်းစာနာမှုအကူအညီများ ပေးအပ် ရေးလုပ်ငန်းစဉ်များကို လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် ခရီးစဉ်အတွင်း လေ့လာသိရှိခဲ့သည့် အခြေအနေများကို လာမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍လည်း နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံ၏ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွေ့ဆုံမှုမှာ မြန်မာနိုင်ငံနှင့်အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေးအပြင် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

30 Oct

ADVERTISE HERE .