“(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုပြိုင်ပွဲမှာ စုစုပေါင်း ၅၃၁ ဆုချီးမြှင့်”

30 Oct

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ရွှေတံဆိပ် ၁၉၅ ခု၊ ငွေတံဆိပ် ၁၆၇ ခု၊ ကြေးတံဆိပ် ၁၆၅ ခု၊ နှစ်သိမ့်ဆု နှစ်ဆုနှင့် အထူးဆု နှစ်ဆု၊ စုစုပေါင်း ၅၃၁ ဆု ချီးမြှင့်နိုင်ခဲ့ကြောင်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၂၉ ရက်က ကျင်းပတဲ့ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားမှာ ပြောကြား ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာအလယ်မှာ တင့်တယ်စွာရပ်တည် နိုင်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အခုလို ဆောင်ရွက်ရာမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများ၊ လူမှုရေးကျင့်ဝတ်နှင့်တန်ဖိုးများ၊ အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းမြှင့်တင်ရေးကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် မျိုးဆက်သစ်လူငယ်များအကြား ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးတန်ဖိုးထားမှုနှင့် အမျိုးသားရေး စိတ်ဓာတ်များ ခိုင်မာရှင်သန်စေရေးအတွက် အနုပညာရှင်များနှင့် တာဝန်ရှိသူအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက အဆို၊အက၊အရေး၊အတီး အကဲဖြတ်လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများဖြစ်ကြတဲ့ အလင်္ကာ ကျော်စွာ ဒေါ်ရွှေကူနန်းနွဲ့နွဲ့၊ အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်း၊ အလင်္ကာကျော်စွာ ဒေါက်တာ မောင်မောင်လတ် နှင့် ဦးစောဝင်း တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများကိုယ်စား ရှမ်းပြည်နယ်မှအုပ်ချုပ်သူတစ်ဦး၊ အခမ်းအနားမှူးများကိုယ်စား အခမ်းအနားမှူးတစ်ဦးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်တို့ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။ (NVS 008)

30 Oct

ADVERTISE HERE .