“အယိုရှကီမြို့သို့ အကူအညီများပေးနိုင်ရေးအတွက် ရုရှားတပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ငန်းစတင်”
30 Oct
ယူကရိန်းပဋိပက္ခကြောင့် လူသားချင်းစာနာမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် အယိုရှကီမြို့သို့ အကူအညီများ ပို့ဆောင်နိုင်စေရန် ရုရှားတပ်မတော်က မြို့ကိုဝင်သည့်လမ်းကြောင်းများပေါ်ရှိ မိုင်းများနှင့် မပေါက်ကွဲ သေးသော လက်နက်ပစ္စည်းများကို အရှိန်မြှင့်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။ မိုင်းရှင်းလင်းရေးစက်ရုပ်နှင့် ကျွမ်းကျင်သူများက ခါဆွန်ဒေသရှိအဆိုပါမြို့သို့ ဝင်ရောက်နိုင်ရေးလမ်းကြောင်း များကို ရှင်းလင်းနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်သည့် မှတ်တမ်း၌ တွေ့ရသည်။ ရှင်းလင်းတွေ့ရှိသည့် ပေါက်ကွဲစေတတ်သောပစ္စည်းများမှာ နိုင်ငံခြားထုတ်များဖြစ်ကြောင်း ရုရှားဘက်ကပြောသည်။ ထိုလူသားချင်းစာနာမှုလုပ်ငန်းကို အမေရိကန်သမ္မတ၏ဇနီး မယ်လေနီယာထရမ့် ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဆောင်ရွက်ရန်စီစဉ်ထားသည်။ သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ လူသားချင်းစာနာမှုအကူအညီများကို ပို့ဆောင်နိုင်ရေးနှင့် အရပ်သားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ရေးဖြစ်သည်။ အမေရိကန်မှ သတင်းထောက်လေးဦးသည်လည်း လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းစဉ်ကို လေ့လာစောင့်ကြည့်နိုင်ရန် အယိုရှကီမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း မယ်လေနီယာထရမ့် က ပြောသည်။ ထိုသတင်းထောက်များသည် ရုရှားနှင့်ယူကရိန်းဘက်မှ လူသားချင်းစာနာမှုဆိုင်ရာ တာဝန်ရှိသူများနှင့် အတူလုပ်ငန်းစဉ်ကို မှတ်တမ်းတင်သွားမည်ဖြစ်သည်။ ဘယ်လာရုစ်နိုင်ငံကလည်း အကူအညီပေးရေးလုပ်ငန်းတွင် လိုအပ်သောထောက်ပံ့ပို့ဆောင်ရေးအကူအညီများ ပေးအပ်လျက်ရှိကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။