“ရုရှားနှင့်အာဖရိကနိုင်ငံများအကြား ကုန်သွယ်မှုနှစ်ဆတိုးမြှင့်ရန် သမ္မတ ပူတင် တိုက်တွန်း”

30 Oct

ကုန်သွယ်မှုပမာဏကို မကြာမီကာလအတွင်း ရုရှားနှင့်အာဖရိကနိုင်ငံများအကြား အနည်းဆုံးနှစ်ဆ တိုးမြှင့် သွားရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုက်တွန်း ပြောကြားခဲ့သည်။ စွမ်းအင်၊ စားနပ်ရိက္ခာဖူလုံရေး၊ နည်းပညာ နှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည့်အစီအစဉ်များကိုလည်း ပြောကြားသည်။ ရုရှား-အာဖရိက စီးပွားရေးနှင့်လူသားချင်း စာနာထောက်ထားမှုဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေး တွင် သမ္မတပူတင်က အမှာစကားပြောကြားရာ၌ နှစ်နိုင်ငံနှင့်ဒေသတွင်းကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရှိခဲ့ရာမှ ယမန်နှစ်တွင် ဒေါ်လာ ၂၇ ဘီလီယံကျော်အထိ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါပမာဏကို မကြာမီကာလအတွင်း အနည်းဆုံးနှစ်ဆတိုးမြှင့်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ယင်းရည်မှန်းချက် အောင်မြင်စေရန် နှစ်ဖက်အကြား ငွေပေးချေမှုများတွင် သက်ဆိုင်ရာနိုင်ငံများ၏ ကိုယ်ပိုင် ငွေကြေးများ အသုံးပြုမှုတိုးမြှင့်ရေးနှင့် အာဖရိကနိုင်ငံ ၁၆ နိုင်ငံတွင် စွမ်းအင်စီမံကိန်း ၃၀ ကျော် အကောင်အထည် ဖော်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သမ္မတ ပူတင်က ပြောကြားသည်။ ၂၀၂၆ ခုနှစ် ပထမကိုးလ အတွင်း အာဖရိကနိုင်ငံများသို့ စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၁၃ သန်း တင်ပို့ခဲ့ကြောင်း သမ္မတ ပူတင် က ပြောကြား သည်။ ရုရှားနိုင်ငံထွက် ကောက်ပဲသီးနှံများနှင့် ဓာတ်မြေဩဇာများကိုလည်း အာဖရိကနိုင်ငံ ၄၀ ကျော် သို့ တင်ပို့ပေး လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အာဖရိကတိုက်၏ ကူးစက် ရောဂါဆိုင်ရာ ဘေးကင်းလုံခြုံမှုကို ပံ့ပိုးပေးသည့် ရုရှားအစီအစဉ်အား ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးမည် ဖြစ်ကြောင်း ပူတင်က ကြေညာခဲ့သည်။ အဆိုပါအစီအစဉ်အရ ရွေ့လျားဓာတ်ခွဲခန်း ၁၅ ခုကို အာဖရိကနိုင်ငံ ရှစ်နိုင်ငံသို့ ပေးအပ်ထားပြီး အာဖရိက ကျွမ်းကျင်ပညာရှင် ၄၅၀ ခန့်ကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ရုရှား-အာဖရိက ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ကျင်းပသည့် စီးပွားရေးနှင့်လူသားချင်း စာနာထောက်ထားမှုဖိုရမ်တို့တွင် စွမ်းအင်၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ ငြိမ်းချမ်းစွာ အသုံးပြုသည့် နျူကလီးယားစွမ်းအင်၊ နည်းပညာ၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး၊ ဉာဏ်ရည်တု၊ ဆိုက်ဘာလုံခြုံရေး၊ အာကာသနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားဆွေးနွေးလျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

30 Oct

ADVERTISE HERE .