“အယ်လ်ဗာရက်ဇ် ကို ခေါ်ယူရန် စည်းမျဉ်းချိုးဖောက်ခဲ့တာကြောင့် ဒဏ်ငွေရိုက်ခံရတဲ့ ဘာစီလိုနာအသင်း”

29 Oct

ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ကို ခေါ်ယူရန် ကြိုးပမ်းရာမှာ စည်းမျဉ်းချိုးဖောက်ခဲ့ခြင်းကြောင့် ၆၀၂ ယူရို ဒဏ်ရိုက်ခံခဲ့ရကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပေမယ့် အက်သလက်တီကိုအသင်းက ရောင်းချ ရန်ငြင်းဆန်ခဲ့တဲ့အတွက် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ အယ်လ်ဗာရက်ဇ် ကို ခေါ်ယူရန်ကြိုးပမ်းရာမှာ အက်သလက်တီကိုအသင်းထံ ကြိုတင်အသိပေးခြင်းမရှိဘဲ ချဉ်းကပ်ခဲ့သည့်အတွက် အက်သလက်တီကိုအသင်းက စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)တို့ထံ တိုင်ကြားခဲ့ပါတယ်။ ယခုအခါစပိန်ဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာအသင်း ကို စည်းမျဉ်းချိုးဖောက်သည်ဟု သတ်မှတ်ကာ ဒဏ်ငွေ ၆၀၂ ယူရို ပေးဆောင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ဖီဖာကမူ ၎င်းတို့၏ စီရင်ပိုင်ခွင့်အတွင်း ပါဝင်ခြင်းမရှိဟု ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက ၂၀၁၉ နွေရာသီကာလအတွင်း အက်သလက်တီကိုအသင်းမှ ပြင်သစ်တိုက်စစ် ကစားသမား ဂရီးဇ်မန်း ကို ခေါ်ယူခဲ့ရာမှာ ယခုကဲ့သို့ပင် စည်းချဉ်းချိုးဖောက်ကာ ချဉ်းကပ်ခဲ့ခြင်းကြောင့် ယူရို ၃၀၀ ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။ (NVS 008)

29 Oct

ADVERTISE HERE .