“ပုသိမ်အားကစားနှင့်ကာယပညာသိပ္ပံမှာ ပရိသတ် ၂,၅၀၀ ဆံ့ မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေ”
29 Oct
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)တွင် ပရိသတ် ၂၅၀၀ ဆံ့ မိုးလုံလေလုံအားကစားရုံအပါအဝင် အဆောက်အအုံနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းများမှာ မိုးလုံလေလုံအားကစားရုံအပြင် သင်တန်းသားအိပ်ဆောင်၊ သင်တန်းကျောင်းနှင့် သင်တန်းရုံး၊ စားရိပ်သာတို့ တည်ဆောက်ခြင်း၊ ကျောင်းအဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ လျှပ်စစ်မီးလိုင်းများ သွယ်တန်းခြင်းနှင့် ဘောလုံးကွင်းဖောက်လုပ်ခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ က ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းမှာအားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)ရှိ ရှင်းလင်းဆောင်၌ တည်ဆောက်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တည်ဆောက်နေသည့် အဆောက်အအုံများ ရေရှည်တည်တံ့စေရန်၊ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရန် တာဝန်ယူ ဆောင်ရွက်နေတဲ့ ကုမ္ပဏီများအနေနဲ့ အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)