“မင်္ဂလာဒုံမြို့နယ်ရှိ ရေယိုစိမ့်တဲ့ရေပိုက်လိုင်း ပြုပြင်ပြီးစီး၍ ရေပုံမှန်ပြန်လည်ဖြန့်ဖြူး”
29 Oct
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပင်ရွှေထီးလမ်းထိပ်မှာ ရေယိုစိမ့်မှုဖြစ်ပေါ်ခဲ့တဲ့ ငမိုးရိပ်ရေသန့် စင်စက်ရုံ(ညောင်နှစ်ပင်)၏ ရေပိုက်လိုင်းကို ပြုပြင်ပြီးစီးခဲ့၍ အောက်တိုဘာလ ၂၈ ရက် နံနက် ၆ နာရီမှစတင်၍ ရေပုံမှန်ပြန်လည်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမဘေး၊ ကုန်းဘောင်မှတ်တိုင်အနီး တပင်ရွှေထီးလမ်းထိပ်ရှိ အချင်း ၁၂၀၀ မီလီမီတာရှိ HDPE ရေပိုက်လိုင်းတွင် ရေယိုစိမ့်မှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် အောက်တိုဘာလ ၂၇ ရက် နံနက် ၉ နာရီမှ စတင်၍ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါရေပိုက်လိုင်း ပြုပြင်နေစဉ်အတွင်း မင်္ဂလာဒုံ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် သင်္ဃန်းကျွန်း မြို့နယ်တို့မှာ ရေပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး သာကေတ၊ ဒေါပုံနှင့် တာမွေမြို့နယ်တို့တွင် ရေအားနည်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ရေယိုစိမ့်မှုဖြစ်ပေါ်ခဲ့တဲ့ ပိုက်လိုင်းကို ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၂၈ ရက် နံနက် ၆ နာရီမှာ ပြုပြင်ပြီးစီးခဲ့ပြီး ရေဖြန့်ဖြူးရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) မှ မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ (စက်မှုဇုန်)၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ရွှေပေါက္ကံ၊ သင်္ဃန်းကျွန်းနှင့် တာမွေမြို့နယ်များသို့ နေ့စဉ်သောက်သုံးရေဖြန့်ဖြူးပေးဝေလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)