“လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၄,၂၃၅ တန်ကျော် တင်ပို့ထား”
29 Oct
လက်ရှိဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ပုစွန်မက်ထရစ်တန် ၄,၂၃၅ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၆ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၃,၉၇၀ ဒသမ ၂၁၂ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂၉၁ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။ အလားတူ နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် ပုစွန်မက်ထရစ်တန် ၂၆၄ ဒသမ ၉၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း ရရှိခဲ့သဖြင့် ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု စုစုပေါင်းအနေဖြင့် ပုစွန်မက်ထရစ် တန် ၄,၂၃၅ ဒသမ ၁၅၂ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၆ သန်း ရရှိခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးနှင့် အခြားရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် အပါအဝင် ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပါတယ်။ ရေထွက်ကုန်များကို ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန် ကုန်သွယ်မှုနဲ့ တင်ပို့နေတဲ့အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိပါတယ်။ ဒါ့အပြင် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု စုစုပေါင်းမှာ မက်ထရစ်တန် ၁၆၁,၉၃၁ ဒသမ ၅၃၇ တန်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၈၂၆ သန်း ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ အချက်အလက် များအရ သိရပါတယ်။ (NVS 008)