“အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ရောက်ရှိ”

29 Oct

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇရို က လူသားချင်းစာနာမှုခရီးစဉ်အဖြစ် အောက်တိုဘာလ ၂၈ ရက်မှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အထူးကိုယ်စားလှယ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါတယ်။ အဲဒီနောက် အထူးကိုယ်စားလှယ်က AHA Centre မှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ အာဆီယံသံရုံးများမှ သံတမန်များပါဝင်တဲ့ အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ASEAN Monitoring Team-AMT) နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ စိန့်ဖော်စတီနာနိုဗီရှိတ် ဘုရားကျောင်းနှင့် တောင်ကြီးမြို့နယ်၊ ညိုမီးဘုရားကုန်း ကျေးရွာသို့ သွားရောက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း AHA Centre က မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ဆန်၊ မိသားစုသုံးပစ္စည်း များနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို အကူအညီလိုအပ်နေသူများထံ ထောက်ပံ့ပေးအပ်နေမှုကို ကြည့်ရှုလေ့လာခဲ့ ကြောင်း သိရပါတယ်။ အဲဒီနောက် အထူးကိုယ်စားလှယ်က ညနေပိုင်းမှာ တောင်ကြီးမြို့မှ နေပြည်တော်သို့ ရောက်ရှိလာရာ နေပြည်တော်လေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိ သူများက ကြိုဆိုခဲ့ကြပါတယ်။ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်သည် အောက်တိုဘာ ၃၀ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 008)

29 Oct

ADVERTISE HERE .