“အစ္စရေးအထွေထွေရွေးကောက်ပွဲ မဲရေတွက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိ”
29 Oct
အစ္စရေးနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ မဲရေတွက်မှုများ ဆက်လက်ပြုလုပ်နေပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ဦးဆောင်သည့် အာဏာရအုပ်စုနှင့် အတိုက်အခံအုပ်စုတို့အကြား အနိုင်ရရှိမှုအကြိတ်အနယ်ရှိနေ သော်လည်း အာဏာရအုပ်စုအနေဖြင့် လွှတ်တော်တွင် အများစုနေရာရရှိရန် မလွယ်ကူကြောင်း ပြည်တွင်းမီဒီယာ များက ဖော်ပြသည်။ မဲရုံများကို အောက်တိုဘာလ ၂၇ ရက် ည ၁၀ နာရီတွင် ပိတ်ခဲ့သည်။ အစ္စရေးနိုင်ငံ ရုပ်သံလွှင့် ဌာန Channel 12 က မဲရေတွက်မှုနောက်ဆုံးအခြေအနေနှင့် မဲရုံထွက်ပေါက် စစ်တမ်းများအပေါ် အခြေခံ၍ အမတ်နေရာ ၁၂၀ ရှိသော အစ္စရေးလွှတ်တော်တွင် ပါတီတစ်ခုချင်းစီ ရရှိနိုင်မည့် အမတ်နေရာ ခန့်မှန်းချက်များကို ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာလ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီအထိ ခန့်မှန်းချက်များအရ နေတန် ယာဟု၏ လက်ယာယိမ်းလီကွတ်ပါတီသည် အမတ်နေရာ ၂၇ နေရာနှင့် တပ်မတော်အရာရှိဟောင်း ဂါဒီ အိုင်ဆင်ကော့ ဦးဆောင်သည့် ဗဟိုဝါဒီ ယာရှာပါတီသည် အမတ်နေရာ ၂၁ နေရာ ရရှိမည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် အာဏာရအုပ်စုက အမတ်နေရာ ၅၂ နေရာ၊ ယာရှာပါတီအပါအဝင် အတိုက်အခံအုပ်စုက အမတ် နေရာ ၄၉ နေရာနှင့် အခြားပါတီများက ၁၉ နေရာ ရရှိမည်ဟု ခန့်မှန်းထားသည်။ နေတန်ယာဟုက လီကွတ်ပါတီ သည် အစ္စရေးနိုင်ငံ၏အကြီးဆုံးပါတီဖြစ်ကြောင်း ပြောကြားကာ ဝန်ကြီးချုပ်ရာထူး ဆက်လက်ရယူလိုသည့် ဆန္ဒ ကို အခိုင်အမာဖော်ပြခဲ့သည်။ ထို့ပြင် အင်အားတောင့်တင်းသော လက်ယာယိမ်းအစိုးရတစ်ရပ် လိုအပ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ ယာရှာပါတီခေါင်းဆောင် အိုင်ဆင်ကော့က ယခုရွေးကောက်ပွဲကို အစ္စရေး နိုင်ငံတစ်နိုင်ငံလုံးအတွက် အောင်ပွဲဟုခေါ်ဆိုခဲ့ပြီး အပြောင်းအလဲများကို ဖော်ဆောင်နိုင်မည့် တည်ငြိမ်သော အစိုးရတစ်ရပ် အမြန်ဆုံး ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဏာရအုပ်စုဖြစ်စေ၊ အတိုက်အခံအုပ်စုဖြစ်စေ လွှတ်တော်အမတ်နေရာအများစုကိုမရရှိပါက ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းဒေသအခြေအနေအပေါ်အရေးပါသော သက်ရောက်မှုရှိခဲ့သည့် နေတန်ယာဟုအနေဖြင့် အာဏာကိုဆက်လက်ထိန်းသိမ်းထားနိုင်မည် လားဆိုသည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။