“သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေမှာ ခရီးသွားဧည့်သည်များဖြင့် စည်ကား”
28 Oct
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရီးစဉ်ဒေသရှိ ငွေဆောင်ကမ်းခြေမှာ သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ဒေသအသီးသီးမှ လာရောက်အပန်းဖြေကြတဲ့ ခရီးသွားဧည့်သည်များနဲ့ စည်ကားလျက်ရှိကြောင်း သိရပါတယ်။ သီတင်းကျွတ်အားလပ်ရက်အတွင်း ငွေဆောင်ကမ်းခြေသို့ လာရောက်ကြတဲ့ ခရီးသွားဧည့်သည်များက သဲသောင်ပြင်မှာ အနားယူအပန်းဖြေခြင်း၊ ပင်လယ်ရေကူးခြင်း၊ မြင်းစီးခြင်းတို့အပြင် စပိဘုတ်နှင့် ငှက်ပျောသီး လှေများစီးနင်းကာ ချစ်သူများကျွန်း၊ ကျောက်မောင်နှမစသည့် နေရာများသို့ သွားရောက်လည်ပတ်လျက်ရှိပါတယ်။ ဒါ့အပြင်ကမ်းခြေတစ်ဝိုက်ရှိ ပင်လယ်စာစားသောက်ဆိုင်များနှင့် ဒေသထွက်လက်ဆောင်ပစ္စည်းအရောင်း ဆိုင်များမှာလည်း ဝယ်ယူစားသောက်သူများ၊ အမှတ်တရပစ္စည်း ဝယ်ယူသူများဖြင့် စည်ကားနေပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။ ခရီးသွားဧည့်သည်များ အဆင်ပြေစွာအပန်းဖြေနိုင်ရေး၊ ကမ်းခြေပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် သဘာဝဂေဟစနစ်ထိန်းသိမ်းရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ဟိုတယ်လုပ်ငန်း ရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ငွေဆောင်ကမ်းခြေက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထင်ကရ ကမ်းခြေအပန်းဖြေခရီးစဉ်ဒေသ တစ်ခုဖြစ်ပြီး ယခုသီတင်းကျွတ်ရုံးပိတ်ရက်ကာလမှာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများပြားလျက် ရှိကြောင်း သိရပါတယ်။ (NVS 008)