“တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၇၇၀ ကျော် ၃ လအတွင်း စေလွှတ်ထား”

28 Oct

မြန်မာနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာလုပ်သား ၇၇၉ ဦးကို ၃ လအတွင်း စေလွှတ်ခဲ့ကြောင်း အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ (POEA) မှ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်နဲ့ မြန်မာ လုပ်သားများကို စေလွှတ်လျက်ရှိရာ လွန်ခဲ့တဲ့ ဩဂုတ်လမှ အောက်တိုဘာလအထိ ၃ လတာကာလအတွင်း စုစုပေါင်း ၁၀ ကြိမ်ခွဲ၍ လုပ်သား ၇၇၉ ဦးကို ပို့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဩဂုတ်လမှာ ၂၈၃ ဦး၊ စက်တင်ဘာလတွင် ၂၂၃ ဦး၊ အောက်တိုဘာလတွင် ၂၇၃ ဦး စုစုပေါင်း ၇၇၉ ဦးကိုလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိသွားတဲ့ မြန်မာအလုပ်သမားများကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူ များက ကြိုဆိုခဲ့ကြပြီး ကျန်းမာရေးနှင့်လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး သတိပြုရန်၊ နှစ်နိုင်ငံ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်နှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက မြန်မာသံရုံးကို ဒုတိယမိသားစုအဖြစ် သဘောထား၍ ဆက်သွယ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)

28 Oct

ADVERTISE HERE .