“ပြည်တွင်း/ပြည်ပမှ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန် မကွေးစက်မှုဇုန်စီမံကိန်းဖော်ဆောင်နေ”
28 Oct
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရနရည်ရွယ်၍ တိုင်းစက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ(ဒေသဆိုင်ရာကော်မတီ)နှင့် ဆုထူးပန် ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး မကွေးစက်မှုဇုန်စီမံကိန်းကို ဖော်ဆောင်လျက်ရှိပါတယ်။ အခုလိုဖော်ဆောင်နေမှုကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အောက်တိုဘာလ ၂၅ ရက်မှာ ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာနဲ့ စံနှုန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်မှုဇုန်စီမံကိန်းလုပ်ငန်းများနှင့် လက်ရှိစက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်ရန် လုပ်ငန်းရှင်များမှ လုပ်ငန်းပြင်ဆင်ဆောင်ရွက်လျက်ရှိသော အာလူးသိုလှောင်ရုံ အအေးခန်း၊ ရေသန့်စက်လုပ်ငန်း၊ ပဲငံပြာရည်ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ မကွေးမြို့စက်မှုဇုန်ကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ စနစ်တကျစီမံထူထောင်၍ ဒေသတွင်းအပြင် ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စေရန်အပါအဝင် ရည်ရွယ်ချက်ကောင်းများနဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပါတယ်။ (NVS 008)