“မမြရေလှောင်တမံမှ ဒီဇင်ဘာလ ၁၅ ရက်မှစတင်၍ နွေစပါး ၅,၃၇၄ ဧကသို့ စိုက်ပျိုးရေပေးဝေသွားမည်”

28 Oct

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်း၊ တမံရေရှည် ကြံ့ခိုင်ရေးအတွက် Geophysics(ဘူမိရူပ)နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများစစ်ဆေးခြင်း၊ တမံသို လှောင်ရေ ထိန်းညှိလျော့ချခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်မှုကြောင့် လက်ရှိအချိန် တမံနိမ့်မြင့်မှတ်မှာ ၂၉၇ ဒသမ ၆ ပေ၊ သိုလှောင်ရေပမာဏ ၅၁,၁၃၉ ဧကပေဖြစ်ရာ လာမည့်ဒီဇင်ဘာလ ၁၅ ရက်မှစတင်၍ နွေစပါး ၅,၃၇၄ ဧကသို့ စိုက်ပျိုးရေပေးဝေသွားမည် ဖြစ်ကြောင်း သိရပါတယ်။ မမြရေလှောင်တမံ၏ တမံအိလျောတဲ့နေရာတစ်လျှောက်မှာ မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်း များမခံရစေရန် မိုးရေကာဖျင်များနဲ့ စနစ်တကျအုပ်မိုး ကာကွယ်ထားမှု၊ ရေလှောင်တမံပိုမိုစိတ်ချစေရေးအတွက် တမံအခြေဘက်မှာ မြေသားတမံဖို့၍ တမံအခြေထောက်ခြင်း၊ မြေသားတမံနှင့်ဆက်စပ်၍ ရေစစ်ကျောက်ရိုး(Rock Toe) ထည့်သွင်းတည်ဆောက်နေမှုတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က အောက်တိုဘာလ ၂၅ ရက်မှာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရေစစ်ကျောက်ရိုး(Rock Toe)နှင့်ချိတ်ဆက်တဲ့ ရေစစ်သဲလွှာလုပ်ငန်းဆောင်ရွက်ခြင်း၊ တမံရေရှည် ကြံ့ခိုင်ရေးအတွက် Geophysics(ဘူမိရူပ)နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများကို စစ်ဆေးနေမှု၊ လုပ်ငန်းများဆောင်ရွက်ရာမှာ အရည်အသွေးပြည့်မီရေး Quality Control(QC)စစ်ဆေးဆောင်ရွက်မှု၊ တမံ တည်ဆောက်ရာမှာ အောက်ခံမြေသား သိပ်သည်းဆနှင့် ခံနိုင်ရည်ဝန်အားတိုင်းတာရေးအတွက် Standard Penetration Test(SPT) စမ်းသပ်ဆောင်ရွက်နေမှု၊ တမံပြန်လည်တည်ဆောက်ရာမှာ အသုံးပြုရမည့် ဖို့မြေများ အတွက် မြေရယူသင့်တဲ့နေရာ(Borrow)တို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အခုလိုကြည့်ရှုစစ်ဆေးပြီးနောက် တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီမတိုင်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို ဂရုပြုလိုက်နာဆောင်ရွက်ရန်နှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)

28 Oct

ADVERTISE HERE .