“ဂျော်ဒန်က ဆီးရီးယားအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့”
28 Oct
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဂျော်ဒန်နိုင်ငံ၌ ဖြစ်ပွားသည့် ဘုရားကျောင်းတိုက်ခိုက်ခံရမှုနှင့် ဆက်စပ် နေသည်ဟုယူဆရသော လက်နက်ကိုင်အဖွဲ့များကို တုံ့ပြန်သည့်အနေဖြင့် ဂျော်ဒန်လေတပ်က အိမ်နီးချင်း ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ ပစ်မှတ်များကို အောက်တိုဘာလ ၂၆ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အရပ်သားခုနစ်ဦးသေဆုံးကြောင်း ဆီးရီးယားဘက်က ပြောထား သည်။ ဂျော်ဒန်တော်ဝင်လေတပ်သည် ဆီးရီးယားတောင်ပိုင်းရှိ အကြမ်းဖက်အဖွဲ့များ ပုန်းအောင်းရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဂျော်ဒန်စစ်ဘက်က ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂၃ ရက်တွင် ဂျော်ဒန်နိုင်ငံ ကာရက်ပြည်နယ်၏ ဟမူးဒေသရှိ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတစ်ခုတွင် အသုဘအခမ်းအနား တက်ရောက်နေသူများကို သေနတ်သမားများက ပစ်ခတ်ခဲ့မှုအတွက် ဂျော်ဒန်စစ်ဘက်က တုံ့ပြန်ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လူကိုးဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ သည်ဟုလည်း သတင်းများတွင် ဖော်ပြထားသည်။ ယခုပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင် ညှိနှိုင်းထားခြင်းမရှိကြောင်း ဆီးရီးယားအစိုးရကပြောပြီး ၎င်း၏ပိုင်နက်အတွင်း တိုက်ခိုက်မှုပြုလုပ်ခြင်းကို ကန့်ကွက်ခဲ့ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။