“အမေရိကန်စစ်စခန်းများ ပြင်ပအကူအညီမပါဘဲ ရက် ၉ဝ လည်ပတ်နိုင်ရန် ပင်တဂွန်စီစဉ်”
28 Oct
အမေရိကန်နိုင်ငံရှိ အဓိက စစ်စခန်းများကို ပြင်ပအကူအညီမရရှိသည့် အခြေအနေတွင်ပင် အနည်းဆုံးရက် ၉ဝ ကြာလည်ပတ်နိုင်ရန် ပင်တဂွန်က စီမံချက်အသစ်တစ်ရပ် ရေးဆွဲလျက်ရှိကြောင်း Fox News သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါစီမံချက်သည် အမေရိကန်အနေဖြင့် ကြီးမားသောစစ်ပွဲတစ်ရပ်အတွက် ကြိုတင်ပြင်ဆင် နေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ FORTRESS ဟု အမည်ပေးထားသည့် အစီအစဉ်အရ အမေရိကန်ပြည်မကြီးရှိ အဓိကစစ်အခြေစိုက်စခန်းများသည် လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနှင့် အခြားအရေးကြီး ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်သည့်အခါတွင်လည်း အခြေခံအကျဆုံး စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင် အရေးကြီးစစ်ဘက်သုံးပစ္စည်းများအတွက် ထောက်ပံ့ရေးလမ်းကြောင်း သို့မဟုတ် ထုတ်လုပ်ရေး ရင်းမြစ် အနည်းဆုံးနှစ်ခုစီ ရှိစေရန်လည်း စီစဉ်ထားသည်။ စီမံချက်တွင် ပြင်ပလျှပ်စစ်ဓာတ်အားပေးစနစ်များ ပျက်စီးသွားပါက စစ်အခြေစိုက်စခန်းများအတွက် လျှပ်စစ်ဓာတ်အား ဆက်လက်ထုတ်လုပ်နိုင်ရန် အသေးစား နျူကလီးယား ဓာတ်အားပေးစက်များနှင့် အကြီးစားဘက်ထရီစနစ်များ အသုံးပြုနိုင်ရေးကိုလည်း ထည့်သွင်း စဉ်းစားထားကြောင်း အမေရိကန်စစ်ဘက်ရေးရာဝန်ကြီးက ပြောသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။