အိန္ဒိယနှင့်ရုရှားကုန်သွယ်မှု ယခုနှစ်အတွင်း ၂၄ ရာခိုင်နှုန်းကျော် တိုးတက်
27 Oct
အိန္ဒိယနှင့်ရုရှားနိုင်ငံတို့ကြား ၂၀၂၆ ခုနှစ်အတွင်း ကုန်သွယ်မှု ပမာဏ ၂၄ ရာခိုင်နှုန်းကျော်တိုးတက် လာ ကြောင်း ရုရှားနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ ဗျာချီဆလပ်ဗိုလိုဒင်က ပြောသည်။ နှစ်နိုင်ငံကြားကုန်သွယ်ရေး အတားအဆီးများကို ဖယ်ရှားရန်နှင့် ပူးတွဲစီးပွားရေးလုပ်ငန်းများကို တိုးချဲ့ရန်လည်း ၎င်းက တိုက်တွန်းသည်။ ဗိုလိုဒင်သည် အောက်တိုဘာလ ၂၆ ရက်မှ ၂၇ ရက်အထိ နယူးဒေလီမြို့၌ကျင်းပမည့် ၁၂ ကြိမ်မြောက် BRICS လွှတ်တော်ဖိုရမ်မတိုင်မီ အိန္ဒိယပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အုမ်ဘီလာနှင့်တွေ့ဆုံစဉ်ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း နှင့်စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအပြင် နှစ်နိုင်ငံလွှတ်တော်များကြား ဆက်ဆံရေး ပိုမိုခိုင်မာစေရေးတို့ကို ဆွေးနွေးသည်။ အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာန၏အချက်အလက်များအရ ၂ဝ၂၆ ခုနှစ် ပထမခုနစ်လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၇ ဘီလီယံရှိပြီး ယခင်နှစ်အလားတူ ကာလထက် ၂၄ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရသည်။ အဆိုပါကာလအတွင်း အိန္ဒိယသည် ရုရှားထံမှ ဒေါ်လာ ၄၄ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများတင်သွင်းပြီး ယင်းတို့အနက် ရေနံစိမ်းတန်ဖိုးမှာ ဒေါ်လာ ၃၆ ဘီလီယံ ရှိ သည်။ အိန္ဒိယက ရုရှားသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ရှိသည်။ ရုရှားသည် ဓာတုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာကိရိယာများ၊ ပင်လယ်စာများ၊ လက်ဖက်ခြောက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကိုလည်း ပိုမိုဝယ်ယူလာကြောင်း RT သတင်းဌာနဖော်ပြချက်အရသိရသည်။