“ရွှေတိဂုံစေတီတော်မြတ်ကြီး၌ တတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် ဆီမီး ၁၁,၁၁၁ စုပေါင်းထွန်းညှိပူဇော်ပွဲကျင်းပ”
26 Oct
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို အောက်တိုဘာလ ၂၅ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော် ရာဟုထောင့် ထီးတော်ရုံတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ ၂၁ ရက်မှ ၂၅ ရက်အထိ ရွတ်ဖတ်ပူဇော် ခဲ့တာဖြစ်ပါတယ်။ အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ညပိုင်းတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ရွှေတိဂုံစေတီတော် ရင်ပြင်၌ ကျင်းပသည့် ၁၃၈၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့အကြို(အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ် မီးစေတီများ လှည့်လည်ပူဇော်ဆက်ကပ်ပွဲနှင့် ဆီမီး ၁၁,၁၁၁ စုပေါင်းထွန်းညှိပူဇော်ဆက်ကပ်ပွဲကို ကျင်းပခဲ့ပါတယ်။ ပူဇော်ဆက်ကပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများ ပင့်ဆောင်ကာ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြပါတယ်။ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများထွန်းညှိပူဇော်ခြင်း ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများကို စေတီတော်ကြီး ရာဟုထောင့်အောင်မြေအနီးရှိ ချမ်းသာကြီးတန်ဆောင်းတွင် အောက်တို ဘာလ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် ထွန်းညှိပူဇော်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)