“ပင်လယ်ရေအောက် ဆက်သွယ်ရေးကေဘယ်လ်ကြိုးများကို တိုက်ခိုက်မည့်အစီအစဉ်များ အီရန်ရေးဆွဲထား”
26 Oct
အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့က ထပ်မံတိုက်ခိုက်လာခဲ့ပါက ပင်လယ်ကွေ့ဒေသတွင်းရှိ ပင်လယ် ရေအောက်ဆက်သွယ်ရေး ကေဘယ်လ်ကြိုးလိုင်းများ ပစ်မှတ်ထားတိုက်ခိုက်ရေးအတွက် အသေးစိတ်အစီအမံ များကို အီရန်နိုင်ငံကရေးဆွဲထားသည်ဟု အောက်တိုဘာ ၂၄ ရက် သတင်းများတွင် ရေးသားတင်ပြထားကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ အီရန်နိုင်ငံ ထပ်မံတိုက်ခိုက်ခံခဲ့ရပါက ပင်လယ်ကွေ့ဒေသတွင်းရှိ ပင်လယ်ရေအောက်က ဆက်သွယ်ရေး ကေဘယ်လ်ကြိုးလိုင်းများ ပစ်မှတ်ထားတိုက်ခိုက်ရန် စီစဉ်ထားမှုကို အီရန်လုံခြုံရေးတာဝန်ရှိသူနှစ်ဦးက ထုတ်ဖော် ပြောကြားထားခြင်းဖြစ်သည်။ သို့ရာတွင် ပင်လယ်ရေအောက် ကေဘယ်လ်ကြိုးလိုင်းများကို မည်သို့တိုက်ခိုက်မည်၊ မည်သည့်နေရာများ၌ ပြုလုပ်မည် စသည့် အသေးစိတ်အချက်အလက်များကို အီရန်လုံခြုံရေးတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရသည်။ သို့ရာတွင် တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် အင်တာနက်အပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်မှု ပိုမိုကြန့်ကြာစေရေးအတွက် ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများကိုလည်းတားဆီးရန် အီရန်က ရည်ရွယ်ထားကြောင်း အီရန်လုံခြုံရေးတာဝန်ရှိသူများက ပြောကြားထားသည်။ အမေရိကန်နိုင်ငံနှင့် သံတမန်ရေးအရ ဆွေးနွေးမှုများပျက်ပြားခဲ့ပါက ထပ်မံဖြစ်ပွားမည့် မည်သည့်စစ်ရေး ပဋိပက္ခမျိုးတွင်မဆို ပင်လယ်ကွေ့ဒေသရှိ ပင်လယ်ရေအောက်ဆက်သွယ်ရေး ကေဘယ်လ်ကြိုးလိုင်းများမှာ အီရန်၏ ပစ်မှတ်များဖြစ်လာမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်များအတွင်း အီရန်တာဝန်ရှိသူများက ပြောကြားထားသည်။ နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂ၏ အဆိုအရ ကမ္ဘာတစ်ဝန်း အင်တာနက်ဆက်သွယ်ရေးလမ်းကြောင်း ၉၉ ရာခိုင်နှုန်းခန့်မှာ ပင်လယ်ရေအောက် ကေဘယ်လ်ကြိုးလိုင်းများဖြစ်ကြောင်း သိရသည်။