“ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်ဖွင့်လှစ်”

25 Oct

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်း ပွဲတော် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှု လုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါပွဲတော်ကို အောက်တိုဘာလ ၂၇ ရက်အထိ ကျင်းပလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ UMFCCI၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းများ၊ စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၄၀၀ ကျော်နှင့် အထူးအစီအစဉ်အဖြစ် Mobile Car များဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိပါတယ်။ ပွဲတော်ရက်အတွင်း မြတ်စွာဘုရားအား အလှမီးများဖြင့် ပူဇော်ကန်တော့ခြင်း၊ အဖိတ်နေ့နှင့် သီတင်းကျွတ် လပြည့်နေ့တို့တွင် မီးပုံပျံလွှတ်တင်မည့် အစီအစဉ်များ၊ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပွဲတော်လာ ပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် YBS ယာဉ်များဖြင့် အကြို/အပို့ ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း သိရပါတယ်။(NVS 008)

25 Oct

ADVERTISE HERE .