“သဘောတူညီချက်အရ ရုရှားက ဒီဇယ်ဆီတင်သင်္ဘောသုံးစင်းကို အမေရိကန်သို့စေလွှတ်”
25 Oct
ရုရှားနိုင်ငံသည် သမ္မတ ဗလာဒီမာပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့အကြား ရရှိထားသည့် သဘောတူညီချက်အရ ဒီဇယ်ဆီတင်ဆောင်ထားသည့် လောင်စာဆီတင်သင်္ဘောသုံးစင်းကို အမေရိကန်နိုင်ငံသို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ်က ပြောသည်။ သင်္ဘောများသည် အမေရိကန်နိုင်ငံ အရှေ့ဘက်အတ္တလန္တိတ်ကမ်းရိုးတန်းသို့ ဦးတည်ခုတ်မောင်းနေပြီ ဖြစ်ကြောင်း၊ ထပ်မံတင်ပို့သွားမည့် လောင်စာဆီအများစုကို ရုရှားစွမ်းအင်ကုမ္ပဏီကြီး Rosneft က ပံ့ပိုးနိုင်ကြောင်း ၎င်းက ယခုသီတင်းပတ်အကုန်ပိုင်းတွင် ပြောသည်။ ရုရှားသည် ကမ္ဘာ့ဒီဇယ်ဆီဈေးကွက်သို့ ဒီဇယ်များပိုမိုဖြည့်တင်းနိုင်ရန်နှင့် အမေရိကန်သို့ ထောက်ပံ့မှု တိုးမြှင့်ရန် စီစဉ်ထားကြောင်း ရုရှားဒုတိယဝန်ကြီးချုပ်ကပြောသည်။ ထို့ပြင် ရုရှားနိုင်ငံသည် ပြည်တွင်းလိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည့်အပြင် အောက်တိုဘာလအတွင်း ပြည်ပဈေးကွက်များသို့ ဒီဇယ်ဆီတန်ချိန် ၅ သိန်း အထိ တင်ပို့ခွင့်ပြုထားသည်။ ရေကြောင်းသွားလာမှု စောင့်ကြည့်ရေးအဖွဲ့များ၏ အဆိုအရ သင်္ဘောတစ်စင်းမှာ မော်တာနိုင်ငံအလံကို လွှင့်ထူထားသည့် Agioi Fanendes ဖြစ်ပြီး ဒီဇယ်တန်ချိန် ၄ သောင်းခန့် တင်ဆောင်ထားသည်။ အဆိုပါသင်္ဘောသည် ရုရှားနိုင်ငံ ပရိုင်မော့ဆိပ်ကမ်းမှ ထွက်ခွာလာပြီး နိုဝင်ဘာလ ၇ ရက်တွင် နယူးယောက်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ပူတင်နှင့် ဒေါ်နယ်ထရမ့် တို့က အောက်တိုဘာလ ၉ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးပြီးနောက် ဒီဇယ်ဆီတင်ပို့ရေး သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်ကလည်း ရုရှားဒီဇယ် ဆီတင်သွင်းမှု အပေါ် ယာယီပိတ်ဆို့မှု ကင်းလွတ်ခွင့်ပြုခဲ့သည်။ အဆိုပါသဘောတူညီချက်သည် နိုဝင်ဘာလ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ လောင်စာဆီဈေးနှုန်း လျှော့ချရန် ဖိအားများနှင့်ရင်ဆိုင်နေရသည့် ထရမ့် အတွက် အရေးပါသည်။ သို့သော် ယူကရိန်းသမ္မတ ဇီလန်စကီ က ရုရှား၏ ရေနံချက်စက်ရုံများကို ယူကရိန်းက တိုက်ခိုက်နေခြင်းကြောင့် ဒီဇယ်ဆီရှားပါးမှု ဖြစ်ပေါ်နေရသည်ဟူသော ထရမ့် ၏စွပ်စွဲချက်ကို ပယ်ချထားသည်။