“ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းတံတားပြုပြင်ပြီးစီး၍ အမှတ် ၆၁ အဆန်၊ ၆၂ အစုန် ရန်ကုန်-ပြည်-ပုဂံ ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ”
24 Oct
ပြည်-ပုဂံ ရထားလမ်းပိုင်းရှိ ရန်ပယ်ချောင်းတံတား ပြုပြင်ပြီးစီးခဲ့တာကြောင့် ရန်ကုန်-ပြည်-ပုဂံ ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေစီးဆင်းမှုကြောင့် ရန်ကုန်-ပြည်-ပုဂံ ရထားလမ်းပိုင်း၊ တောင်တွင်းကြီးမြို့နယ် ဝက္ကသေးနှင့် ဆတ်သွားဘူတာကြား မိုင်တိုင်အမှတ်(၂၄၀/၀)နှင့် (၂၄၄/၃)ရှိ တံတားအမှတ်(၃၄၃) ရန်ပယ်ချောင်းကူး ရထားလမ်းတံတား ရေလယ်တိုင်အမှတ် (၂)နှင့် (၃)တို့ နိမ့်ကျွံမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ တံတားရေလယ်တိုင်များ နိမ့်ဆင်းမှုကြောင့် အမှတ်(၆၁)အဆန် ရန်ကုန်-ပြည်-ပုဂံနှင့် အမှတ်(၆၂) အစုန် ပုဂံ-ပြည်-ရန်ကုန် လူစီးအမြန်ရထားခရီးစဉ်များ ယာယီရပ်တန့်ခဲ့ရပြီး တံတားကို ပြန်လည်ပြုပြင်နေစဉ် ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-ပျဉ်းမနား-တောင်တွင်းကြီးမှ တစ်ဆင့် ပုဂံသို့ ယာယီလမ်းကြောင်း ပြောင်းလဲပြေးဆွဲပေးလျက်ရှိပါတယ်။ ရန်ကုန်-ပြည်-ပုဂံ ရထားလမ်းပိုင်းတွင် ရထားများပြန်လည်ပြေးဆွဲနိုင်ရန် ရန်ပယ် ချောင်းတံတားပြုပြင်ခြင်း နှင့်အတူ ရန်ကုန်-ပြည်ရထားလမ်းပိုင်းနှင့် ပြည်-အောင်လံ-ဆတ်သွား-တောင်တွင်းကြီး-ပုဂံ ရထားလမ်းပိုင်းတို့ကို ရထားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဖြစ်သည့် ကွန်ကရစ်ဇလီဖား ဖြည့်တင်းခြင်း၊ လမ်းခင်းကျောက်ထည့် သွင်းခြင်း၊ လမ်းမြှောက်ပက်ကင်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ရေတိုက်စားခံရသည့် ရထားလမ်းနှင့် တံတားများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါ အရှည်ပေ ၄၀၀ ရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သော ရန်ပယ်ချောင်းတံတား၏ နိမ့်ကျွံမှုဖြစ်ပွားခဲ့သော ရေလယ်တိုင်အမှတ်(၂) နှင့် အမှတ်(၃)တို့ကို ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများပြီးစီးပြီး စမ်းသပ်မောင်းနှင်မှုများ ဆောင်ရွက်ပြီးဖြစ်လို့ ရန်ကုန်-ပြည်-ပုဂံရထားလမ်းပိုင်း ခရီးစဉ်များကို အောက်တိုဘာ ၂၃ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးလျက်ရှိကာ လမ်းခရီးတွင် ရပ်တန့်ဘူတာနှင့် လက်မှတ်ခနှုန်းထားများမှာ ယခင်အတိုင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)