“ORTP စနစ်နဲ့ ဝယ်ယူထားတဲ့ E-Ticket များကို စက္ကူလက်မှတ်လဲရန်မလိုဘဲ ရထားစီးနိုင်”
23 Oct
သီတင်းကျွတ်ကာလအတွင်း ခရီးသည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် Online Railway Ticketing and Payment (ORTP) စနစ်နဲ့ ဝယ်ယူထားတဲ့ အီလက်ထရွန်နစ်ရထားလက်မှတ် (E-Ticket) များကို စက္ကူလက်မှတ် (Paper Ticket) လဲလှယ်ရန်မလိုဘဲ အသုံးပြုနိုင်ကြောင်း မြန်မာ့မီးရထားက အသိပေးထားပါတယ်။ ခရီးသည်များအနေနဲ့ ဘူတာရုံမှာ စက္ကူလက်မှတ်လဲလှယ်ရန် တန်းစီစောင့်ဆိုင်းစရာမလိုဘဲ လက်ကိုင်ဖုန်း အတွင်းရှိ E-Ticket နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းတို့ကို ပြသ၍ ရထားစီးနင်းနိုင်မှာဖြစ်ပါတယ်။ စက္ကူ လက်မှတ်နဲ့ လဲလှယ်လိုသူများအနေနဲ့ ဘူတာရုံများမှာ ယခင်အတိုင်း လဲလှယ်ထုတ်ယူနိုင်ကြောင်း သိရပါတယ်။ အဆိုပါအစီအစဉ်ကို မြန်မာ့မီးရထားက စက်တင်ဘာလ ၉ ရက်တွင် “ORTP Info by မြန်မာ့မီးရထား” လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးကြေညာခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ အဆင်ပြေစွာရထားစီးနင်းနိုင်ရေး အတွက် ဘူတာရုံဝန်ထမ်းများနှင့် လက်မှတ်စစ်များက လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ (NVS 008)