“အယ်လ်နီညိုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးအန္တရာယ်များသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန နှိုးဆော်”

23 Oct

အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ခြင်း၊ ရေရှားပါးခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာ နိုင်သဖြင့် အပူလျှပ်ခြင်း၊ အစာအဆိပ်သင့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများကို သတိပြုကာကွယ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ ထုတ်ပြန်အသိပေးထားပါတယ်။ အပူချိန်မြင့်တက်ချိန်မှာ နေပူထဲ၌ အချိန်ကြာမြင့်စွာ နေထိုင်ခြင်း၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပြီး ရေပုံမှန်သောက်သုံးရန်နှင့် အေးမြ၍ လေဝင်လေထွက်ကောင်းတဲ့ နေရာများမှာ အနားယူရန် အကြံပြုထားပါတယ်။ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် နာတာရှည်ရောဂါရှိသူများကို အပူဒဏ်မှ ကာကွယ်ပေးရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။ အပူဒဏ်ကြောင့် မူးဝေခြင်း၊ အားနည်းခြင်းနှင့် ချွေးအလွန်ထွက်ခြင်းတို့ ဖြစ်ပေါ်ပါက အေးမြတဲ့နေရာသို့ ရွှေ့ပြောင်းအနားယူစေရန်နှင့် သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေး ခြင်း၊ ကိုယ်အပူချိန် အလွန်မြင့်တက်ခြင်းတို့ဖြစ်ပေါ်ပါက အပူလျှပ်ခြင်းဖြစ်နိုင်သဖြင့် အရေးပေါ်ဆေးကုသမှု ချက်ချင်း ခံယူရန် တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အစာအဆိပ်သင့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ကာကွယ်ရန် အစားအစာများကို သန့်ရှင်းစွာ ပြင်ဆင်၍ ကျက်အောင်ချက်ပြုတ်စားသုံးရန်၊ ချက်ပြုတ်ပြီးသားအစားအစာများကို နေပူထဲမှာ အချိန်ကြာမြင့်စွာ မထားရန်နှင့် အစာမစားမီ၊ အိမ်သာအသုံးပြုပြီးနောက် လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာဆေးကြောရန် အသိပေးထား ပါတယ်။ သောက်သုံးရေရှားပါးမှုနှင့် ရေညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်မှုမရှိစေရန် သန့်ရှင်းစိတ်ချရတဲ့ရေကို သာသောက်သုံးပြီး ရေသန့်ရှင်းမှုမသေချာပါက ပွက်ပွက်ဆူအောင်ကျိုချက်သောက်သုံးရန် အကြံပြုထားပါတယ်။ အလားတူ ခြောက်သွေ့ပူပြင်းတဲ့ကာလမှာ တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးငွေ့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်နိုင်သဖြင့် မီးခိုးနှင့် ဖုန်မှုန့်ထူထပ်ချိန်မှာ ပြင်ပလှုပ်ရှားမှုများ လျှော့ချရန်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများကို အထူးဂရုစိုက်ရန် အသိပေးထားပါတယ်။ အယ်လ်နီညိုဖြစ်စဉ်နှင့်ဆက်စပ်တဲ့ ကျန်းမာရေးအန္တရာယ် များလျှော့ချနိုင်ရေးအတွက် အပူဒဏ်ကာကွယ်ရေး၊ အစားအစာနှင့် သောက်သုံးရေသန့်ရှင်းရေး၊ မီးဘေးကာကွယ်ရေး တို့ကို ကြိုတင်ဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနများ၏ ရာသီဥတုနှင့် ကျန်းမာရေးဆိုင်ရာသတိပေးချက်များကို လိုက်နာကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။ (NVS 008)

23 Oct

ADVERTISE HERE .