“တိုင်းရင်းသားအချင်းချင်း အပြန်အလှန်လေးစားမှု၊ယုံကြည်မှုနှင့်စည်းလုံးညီညွတ်မှုတည်ဆောက်ရန်တိုက်တွန်း”
23 Oct
တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်လေးစားမှု၊ ယုံကြည်မှုနှင့်စည်းလုံးညီညွတ်မှုတို့ကို တည်ဆောက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၂၂ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၈)မှ ကျောင်းသား၊ ကျောင်းသူ များကို ဩဝါဒစကားပြောကြားစဉ် တိုက်တွန်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ မတူကွဲပြားစွာ တည်ရှိတဲ့နိုင်ငံဖြစ်ပြီး ယင်းမတူကွဲပြားမှုများသည် နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ကြွယ်ဝစေတဲ့ တန်ဖိုးရှိသော အရင်းအမြစ်များ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မိမိတို့၏ လူမျိုး၊ ဘာသာ စကားနှင့် ယဉ်ကျေးမှုကို ချစ်မြတ်နိုးသကဲ့သို့ အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကိုလည်း လေးစားတန်ဖိုးထားခြင်းဖြစ်ကြောင်း၊ အများအကျိုးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပိုမိုခိုင်မာစေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်ပညာရေးက လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ပညာရည်ပြည့်ဝတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်းလာမှသာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် နည်းပညာကဏ္ဍများမှာ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နိုင်မည့် ပညာရေးဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ သိပ္ပံကို ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်မှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်အဖြစ် အဆင့်မြှင့် တင်ခဲ့ပြီး ယနေ့အချိန်အထိ သင်တန်းဆင်း ဆရာ/ဆရာမ ၁၄,၆၉၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)