“ယူကရိန်းစစ်ရေးပဋိပက္ခပြီးဆုံးရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ရုရှားသမ္မတပူတင် သဘောတူ”
23 Oct
ယူကရိန်းစစ်ရေးပဋိပက္ခကို အဆုံးသတ်ရေးအတွက် လာမည့်နိုဝင်ဘာလအတွင်း အမေရိကန်နိုင်ငံ၊ ယူကရိန်းနိုင်ငံတို့နှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ရုရှားသမ္မတပူတင်က အောက်တိုဘာလ ၂၁ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။ မော်စကိုမြို့၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယူကရိန်းစစ်ရေးပဋိပက္ခ ပြီးဆုံးရေးဆိုင်ရာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကို ပြန်လည်စတင်ရန် ရုရှားသမ္မတပူတင်က သဘောတူခဲ့ခြင်းဖြစ်သည်။ အမေရိကန် အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်သည် အောက်တိုဘာလ ၂၁ရက်တွင် ရုရှားသမ္မတပူတင် နှင့် နဝမအကြိမ်မြောက်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ သမ္မတပူတင်နှင့်စတိဗ်ဝစ်ကော့ဖ်တို့၏ ဆွေးနွေးပွဲ မစတင်မီ ရုရှားအစိုးရသည် စိတ်ရင်းစေတနာကောင်း ပြသသည့်အနေဖြင့် ရုရှား၌ဖမ်းဆီးထိန်းသိမ်းခံထားရသော အမေရိကန်ကျောင်းဆရာဟောင်း စတီဖင်ဟက်ဘက်ဒ်ကို ပြန်လွှတ်ပေးခဲ့သည်။ အမေရိကန်၊ ရုရှား၊ ယူကရိန်း နိုင်ငံတို့၏သုံးပွင့်ဆိုင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ ကျင်းပနိုင်ဖွယ်ရှိသည်ဟု ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်ထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။