“ဖြေရှင်းချက်ပေးရန် အင်ဖန်တီနို ကို အချိန်နှစ်ပတ် ပေးထားတဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)”
21 Oct
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ အရေးကြီးစာရွက်စာတမ်းတွေကို ထုတ်ပြန်ပေးဖို့နဲ့ မေးခွန်းတွေကို ဖြေဆိုပေးဖို့ နိုဝင်ဘာလ ၂ ရက် နောက်ဆုံးထား တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့တဲ့ ဖီဖာကောင်စီအစည်းအဝေးမှာ ကမ္ဘာ့ဖလားဆိုင်ရာအခွင့်အရေးတွေကို ရောင်းချဖို့ အဆိုပြုခဲ့မှုအတွက် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက တောင်းပန်ခဲ့ပေမယ့် ဒီအဆိုပြုချက်ကို ဘယ်လိုပုံစံနဲ့ ရေးဆွဲခဲ့တယ်ဆိုတာကိုတော့ ရှင်းပြခြင်း မရှိခဲ့ပါဘူး။ UEFA ကနေ ဖီဖာကို ပေးပို့တဲ့ စာမျက်နှာ ၈ မျက်နှာပါ စာထဲမှာ ကိစ္စရပ်အများအပြားနဲ့ သက်ဆိုင်တဲ့ မေးခွန်း ပေါင်း ၄၂ ခုပါဝင်ပြီး ဒီမေးခွန်းတွေထဲမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ ဖီဖာ ငြိမ်းချမ်းရေးဆုကိစ္စနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အမေရိကန်တိုက်စစ်မှူး ဘာလိုဂန် ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို အငြင်းပွားဖွယ်ရာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲလိုက်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းထားမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကပြုလုပ်တဲ့ ဖီဖာကောင်စီအစည်းအဝေးမှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ကို ဒီမေးခွန်းတွေ မေးမြန်းခဲ့ရာမှာ စာနဲ့ရေးသားပေးပို့ဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပြီး အခုအခါမှာ UEFA က စာနဲ့ပေးပို့လိုက်တာ ဖြစ်ပါတယ်။ (NVS 008)