“ပြည်သူကိုဗဟိုပြုသော ခေတ်မီလွှတ်တော်တစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်”
21 Oct
ပြည်သူကို ဗဟိုပြုသော ခေတ်မီလွှတ်တော်တစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ က အောက်တိုဘာလ ၁၉ ရက်မှာ ကျင်းပတဲ့ တတိယအကြိမ်ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာတဲ့ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများ၊ အလုပ်သင်ရှေ့နေများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဥ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်၏ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ယခုတက်ရောက်လာသူများက ဥပဒေများနှင့် ရင်းနှီးကျွမ်းဝင်သူများဖြစ်၍ ဥပဒေပြုရေးဆိုင်ရာများမှာ အကြံဉာဏ် များ ပြုနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မိမိတာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်း စွမ်းရည်မြင့်မားပြီး ပြည်သူကို ဗဟိုပြုသော ခေတ်မီလွှတ်တော်တစ်ရပ်ဖြစ်စေရေး၊ လွှတ်တော်ကို ပြည်သူများပိုမိုသိရှိပြီး အားကိုး အားထားပြုတဲ့ မဏ္ဍိုင်ဖြစ်လာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာကြသူများက လွှတ်တော်အစည်းအဝေးမှာ ပြည်သူများ၏ အသံနှင့်ဆန္ဒများ အတွက် မေးခွန်းများမေးမြန်းနေမှုများကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခွင့်ရ၍ လွှတ်တော်က ပြည်သူနှင့် တစ်သား တည်းရှိသည်ကို တွေ့ရှိရတာကြောင့် အားရကျေနပ်ပြီး ပွင့်လင်းမြင်သာမှုရှိ၍ ဒီမိုကရေစီနည်းလမ်းကျစွာ ဆောင်ရွက် နေမှုများက အရွေ့တစ်ခုသို့ ရောက်ရှိနေသည်ကို လေ့လာတွေ့ရှိရကာ လွှတ်တော်သည် ပြည်သူများအတွက် အရေးကြီးတဲ့ မဏ္ဍိုင်တစ်ခုဖြစ်ပြီး လာရောက်လေ့လာသင့်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)