“ဆော်ဒီအာရေဗျကို ကာကွယ်ရန် ဗြိတိန်က တိုက်လေယာဉ်များ စေလွှတ်မည်”
21 Oct
ဆော်ဒီအာရေဗျရှိ မြို့များနှင့်အရေးပါသော အခြေခံအဆောက်အအုံများကို ဟူသီအဖွဲ့၏ဒရုန်းနှင့် ဒုံးကျည် တိုက်ခိုက်မှုရန်များမှ ကာကွယ်ပေးရန် တိုက်လေယာဉ်များ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၂၀ ရက်တွင် ပြောသည်။ ဗြိတိန်၏ တော်ဝင်လေတပ်မှ တိုင်ဖွန်းတိုက်လေယာဉ်များသည် ဆော်ဒီအာရေဗျလေပိုင်နက်ကို ကာကွယ်သည့် တာဝန်များကိုသာ ထမ်းဆောင်မည်ဖြစ်ပြီး အီရန်နှင့် မဟာမိတ်ဖြစ်သော ဟူသီအဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်မှုလုပ်သွားမည်မဟုတ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ ဆော်ဒီအာရေဗျအပေါ် ဟူသီအဖွဲ့က တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မှုကို ဗြိတိန်ကာကွယ်ရေး ဝန်ကြီးက ရှုတ်ချခဲ့ပြီး ရီယတ်မြို့ရှိ လေဆိပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဒေသတွင်းတင်းမာမှုကို ပိုမိုမြင့်တက် လာစေမည်ဖြစ်ကြောင်း ပြောသည်။ ယခုပေးသည့် စစ်ရေးအကူအညီသည် ဆော်ဒီအစိုးရ၏ တောင်းဆိုမှုအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဗြိတိန် နိုင်ငံသည် တိုင်ဖွန်းတိုက်လေယာဉ်များအပြင် Atlas A400M သယ်ယူပို့ဆောင်ရေးလေယာဉ်နှင့် စစ်ရေးအကြံပေး များကိုပါ စေလွှတ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် ဟူသီအဖွဲ့သည် ဆော်ဒီ၏ အခြေခံအဆောက်အအုံများကို ပိုမိုတိုက်ခိုက်လာကြောင်း သိရသည်။