“MSME လုပ်ငန်းရှင်နှင့် သင်တန်းသားများ ရက်ပေါင်း ၃၀ လုပ်ငန်းအစီအစဉ်တစ်ခုနဲ့ စတင်ဆောင်ရွက်မည်”
19 Oct
မန္တလေးမြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်း စွမ်းရည်မြှင့်တင်ရေးအစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှာစကားပြောကြားခဲ့ပါတယ်။ MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအစီအစဉ်မှာ ပါဝင်တဲ့ သင်တန်းသားများအနေနဲ့ စမ်းသပ်မည့် အကြံဉာဏ်တစ်ခု၊ ရက်ပေါင်း ၃၀ လုပ်ငန်းအစီအစဉ်တစ်ခုနဲ့ စတင် ဆောင်ရွက်စေလိုကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောကြားခဲ့ပါတယ်။ ဒေသစီးပွားရေးများ တိုးတက်လာမှုနှင့်အတူ နိုင်ငံ့ထုတ်လုပ်မှု၊ ပို့ကုန်နှင့် နိုင်ငံ့ဝင်ငွေလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်အတွက်ပါ တန်ဖိုးရှိသည့်လုပ်ငန်းများ ဖန်တီး ကြရန်နှင့် ယခုသင်တန်းမှ လက်တွေ့အောင်မြင်သော အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ဆန္ဒပြု ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူငယ်များအနေနဲ့ မိမိတို့၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် ဒေသအရင်းအမြစ်များကို အသုံးချဆောင်ရွက်ကြရန်လိုကြောင်း၊ MSME တစ်ခု အောင်မြင်လာပါက အလုပ်အကိုင်များ ဖန်တီးနိုင်မည်ဖြစ်ပြီး MSME များစွာအောင်မြင်လာပါက ဒေသစီးပွားရေး တိုးတက်လာစေနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ (NVS 008)