“စစ်အုပ်ချုပ်ရေးအမိန့်ကို ရက်ပေါင်း ၉၀ ဆက်လက်ထုတ်ပြန်”
19 Oct
ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ဆက်လက်အတည်ဖြစ်ကြောင်း ကြေညာထားတဲ့ မြို့နယ်များမှာ စစ်အုပ်ချုပ်ရေးအမိန့်ကို ရက်ပေါင်း ၉၀ ဆက်လက်ထုတ်ပြန်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၈ ရက်မှာ အမိန့်အမှတ် ၈/၂၀၂၆ နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါအမိန့်မှာ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၇/၂၀၂၆ နဲ့ ဆက်လက်အတည်ပြုထားတဲ့ မြို့နယ်များမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်၍စစ်အုပ်ချုပ်ရေးအမိန့်ကို ဆက်လက်ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ ယင်းအမိန့်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)ကို အခြေခံ၍ သက်ဆိုင်ရာမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်းထားပါတယ်။ ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အဆိုပါလုပ်ပိုင်ခွင့်နှင့် တာဝန်များကို ကိုယ်တိုင်ကျင့်သုံး ဆောင်ရွက်နိုင်သကဲ့သို့ သင့်လျော်တဲ့ စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို လွှဲအပ်ကျင့်သုံးစေခြင်းလည်း ပြုနိုင်ကြောင်း ဖော်ပြထားပါတယ်။ စစ်အုပ်ချုပ်ရေးအမိန့်က ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှစတင်၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 008)