“ဗီယက်နမ်က ဥရောပလေးနိုင်ငံနှင့် FTA ကိုလက်မှတ်ထိုး”

19 Oct

ဗီယက်နမ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) ပြင်ပရှိ ဥရောပနိုင်ငံလေးနိုင်ငံတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် အမေရိကန်၏ အခွန်စည်းကြပ်မှုသက်ရောက်နေချိန်တွင် ကုန်သွယ်ရေးဈေးကွက်များ တိုးချဲ့နိုင်ရန် ရည်ရွယ်၍ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်(FTA)ကို အောက်တိုဘာလ ၁၈ ရက်တွင် ဟနွိုင်းမြို့၌ လက်မှတ် ရေးထိုးသည်။ ယခုလက်မှတ်ထိုးသည့် ဥရောပလွတ်လပ်သောကုန်သွယ်ရေးအသင်း (EFTA) ၌ အိုက်စလန်၊ လိုက်တင်စတိုင်း၊ နော်ဝေနှင့် ဆွစ်ဇာလန်နိုင်ငံတို့ပါဝင်သည်။ သဘောတူညီချက်အရ စက်မှုထုတ်ကုန်များ၊ ငါးနှင့် စိုက်ပျိုးရေးထုတ်ကုန်များအပါအဝင် ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် အကောက်ခွန်များလျှော့ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။ ယခုသဘောတူညီချက်သည် ကမ္ဘာ့စီးပွားရေးမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေချိန်၌ စည်းမျဉ်း အခြေပြုကုန်သွယ်ရေးစနစ် အားကောင်းလာစေရန် နှစ်ဖက်စလုံး၏သန္နိဋ္ဌာန်ကို ပြသခြင်းဖြစ်ကြောင်း ဗီယက်နမ် အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် သွင်းကုန်၊ ပို့ကုန် ဈေးကွက်များကို ပိုမိုမျိုးစုံအောင် ချဲ့ထွင်ပြီး ကမ္ဘာ့ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးကွန်ရက်များအတွင်း ပိုမိုနက်ရှိုင်းစွာပါဝင်နိုင်ရန်လည်း ရည်ရွယ်ထားသည်။ နှစ်ဖက်ဆွေးနွေးမှုကို ၂၀၁၂ ခုနှစ်တွင် စတင်ခြင်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရ သည်။၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဆွေးနွေးမှုကို ပြန်လည်လုပ်ဆောင်ကာ ယခုနှစ်ဇူလိုင်လ၌ အပြီးသတ် နိုင်ခဲ့ခြင်းဖြစ်သည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။

19 Oct

ADVERTISE HERE .