“ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲ”
18 Oct
ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ငဝန်မြစ်တာပေါင် ကျိုးပေါက်မှုကြောင့် ယာယီ ရပ်နားထားခဲ့ရသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်/အဆန် ရထားခရီးစဉ်များကို ယခုအခါ ပုံမှန်ပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း သိရပါတယ်။ လေးမျက်နှာမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ဩဂုတ်လ ၄ ရက်မှစတင်ကာ ပုသိမ်-ဟင်္သာတ ရထားလမ်းပိုင်းရှိ ဘူတာအချို့တွင် သံလမ်းများရေနစ်မြုပ်ခဲ့ပြီး ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းခဲ့ရပါတယ်။ ရေများ ပြန်လည်ကျဆင်းသွားပြီးနောက် မြန်မာ့မီးရထားက ထိခိုက်ပျက်စီးသွားသော ရထားလမ်းပိုင်း များနှင့် တံတားများကို စက်တင်ဘာလ ၁၃ ရက်မှစတင်ကာ ပြုပြင်ဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ပါတယ်။ ရထားလမ်းပြုပြင်ရေး လုပ်ငန်းများအားလုံး အောက်တိုဘာလ ၁၃ ရက်တွင် ပြီးစီးခဲ့တာကြောင့် အောက်တိုဘာလ ၁၄ ရက်တွင် လမ်းပိုင်းများကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ အောက်တိုဘာ ၁၅ ရက် မှစတင်၍ အမှတ်(၁၈၁)အဆန်နှင့် အမှတ်(၁၈၂)အစုန် ပုသိမ်-ဟင်္သာတ-ကြံခင်း လူစီးအမြန်ရထားများကို ပုံမှန် အတိုင်း ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရပါတယ်။(NVS 008)