“MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် CMP ပို့ကုန်တိုးမြှင့်တင်ပို့ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ”

18 Oct

မြန်မာနိုင်ငံ MSME ကဏ္ဍနှင့် CMP ကဏ္ဍတို့မှ ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဖြေရှင်းပေးနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် ဦးဆောင်၍ CMP သွင်းကုန်ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ(၃/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၇ ရက်တွင် ကုန်သည် စက်မှုအသင်းချုပ်(UMFCCI)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးတွင် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးအတွက် နိုင်ငံ ၁၇ နိုင်ငံမှ စီးပွားရေးသံမှူးများက MSME လုပ်ငန်းများအတွက် ပြည်ပဈေးကွက်အလားအလာများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ လက်မှုအနုပညာ၊ စားသောက် ကုန်နှင့် လူသုံးကုန်လုပ်ငန်းရှင်များက လက်ရှိထုတ်လုပ်မှု၊ ပြည်ပ ဈေးကွက်ချိတ်ဆက်နိုင်မှုနှင့် တင်ပို့နိုင်မှု အခြေအနေ စိန်ခေါ်မှုများကို ဆွေးနွေးတင်ပြခဲ့ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါတယ်။ ဆက်လက်ပြီး ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအေးထွန်း က ထုတ်ကုန်များ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေးတင်ပြခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ် မှ အသင်းချုပ် အနေဖြင့် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှတစ်ဆင့် ဝန်ကြီးဌာနများ၊ စီးပွားရေးသံမှူးများနှင့် အသင်းအဖွဲ့များ MSME လုပ်ငန်းရှင်များအကြား Network တစ်ခု ထူထောင်ပေးနိုင်ခဲ့တဲ့အတွက် MSME နှင့် CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

18 Oct

ADVERTISE HERE .