“အေဒင်မြို့ရှိ ယီမင်သမ္မတနန်းတော်ဝင်းကို ဟူသီလက်နက်ကိုင်အဖွဲ့က ဒုံးကျည်ငါးစင်းဖြင့် ပစ်ခတ်”
17 Oct
ယီမင်နိုင်ငံတောင်ပိုင်း အေဒင်မြို့ရှိ ယီမင်သမ္မတနန်းတော်ဝင်းကို ဟူသီလက်နက်ကိုင်အဖွဲ့က အောက်တိုဘာ လ ၁၅ ရက်တွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကြောင်း RT သတင်း ဌာနက ဖော်ပြထားသည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် မားရှစ်သမ္မတနန်းတော်ကို ဒုံးကျည်ငါးစင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယီမင်အစိုးရတာဝန်ရှိသူများက ပြောကြားထားသည်။ ဟူသီလက်နက်ကိုင်အဖွဲ့က ဒုံးကျည်များဖြင့် ပစ်ခတ်ချိန်တွင် မားရှစ်သမ္မတနန်းတော်အတွင်း ယီမင်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များရှိနေသော်လည်း အထိအခိုက်မရှိခဲ့ကြောင်း ယီမင်အစိုးရ ပြန်ကြားရေးဝန်ကြီး မွမ်မာအယ်လ်အာယာနီ က သတင်းထုတ်ပြန်ထားသည်။ မားရှစ် သမ္မတနန်းတော်ဝင်းအတွင်းရှိ ဆော်ဒီအာရေဗျအရာရှိများဦးစီးသော စစ်ဆင်ရေးဌာနချုပ် အဆောက် အအုံနှင့်လက်နက်တိုက်တို့ကို ဟူသီလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့၏ ဆာဘား သတင်းအေဂျင်စီက သတင်းထုတ်ပြန်ထားသည်။ ဆော်ဒီအာရေဗျတပ်မတော်က နေရာယူထားသည့် ယီမင်နိုင်ငံအတွင်းရှိ မည်သည့်နေရာမျိုးကိုမဆို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့က ကြေညာထားကြောင်းသိရသည်။