“နိုင်ငံတော်သမ္မတထံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ လာရောက်ဂါရဝပြုတွေ့ဆုံ”

16 Oct

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ NCA (၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခဲ့ကြတဲ့ NCA လက်မှတ်ရေးထိုးရာမှာပါဝင်ခဲ့တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက အောက်တိုဘာလ ၁၅ ရက်မှာ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမဆောင်မှာ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတွေ့ဆုံပွဲကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူးဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ NCA လက်မှတ်ရေးထိုးရာမှာပါဝင်ခဲ့တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ် စောရွှေဝ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာဆော်လမွန်၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အတွင်းရေးမှူး စဝ်စိုင်းငင်း၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အတွင်းရေးမှူး(၁) စောကျော်ညွန့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဗဟိုကော်မတီဝင် စဝ်နော်လိတ်၊ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ ဥက္ကဋ္ဌ စဝ်ဆေခွန်းအောင်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတက ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနဲ့ တက်ရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ရေးထိုးခြင်း (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View Hotel မှာ အောက်တိုဘာလ ၁၅ ရက်မှာ ကျင်းပခဲ့ပါတယ်။ (NVS 008)

16 Oct

ADVERTISE HERE .