“သောက်သုံးရေပြတ်လပ်မှုမဖြစ်စေရန် ပွင့်ဖြူမြို့ပေါ်ရှိ ရေသိုလှောင်ကန်များမှာ ရေဖြည့်တင်း”
16 Oct
အယ်လ်နီညိုဖြစ်စဉ်ကြောင့် သောက်သုံးရေအခက်အခဲနှင့် မီးဘေးအန္တရာယ်များ မဖြစ်ပွားစေရန် မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ရေသိုလှောင်ကန်များမှာ ရေဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါလုပ်ငန်းများကို အောက်တိုဘာလ ၁၃ ရက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က အယ်လ်နီညိုကြောင့် မြေအောက်ရေကျဆင်းမှု ဖြစ်ပေါ်လာပါက သောက်သုံးရေအခက်အခဲ မကြုံတွေ့စေရေး အတွက် မြို့ပေါ်ရှိ ရေစက်ရုံ၊ ရေတွင်း၊ ရေကန်နှင့် ရေသိုလှောင်ကန်များကို ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီနောက် မြို့မဈေးအတွင်းရှိ မီးသတ်ရေလှောင်ကန်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေဂါလန် ၁,၀၀၀ ဆံ့ ရေသယ်ယာဉ်နဲ့ ရေဖြည့်တင်းနေမှုကိုလည်း စစ်ဆေးခဲ့ပြီး ဈေးမီးဘေးလုံခြုံရေးအတွက် အထူးဂရုပြု ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)