“ပြည်ထောင်စုအစိုးရဘဏ္ဍာရေးလိုငွေ ဖြည့်ဆည်းရန် ဗဟိုဘဏ်မှ ကျပ်ဘီလီယံ ၂,၁၀၀ အထိ ချေးယူခွင့်ပြု”
16 Oct
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာရေးလိုငွေဖြည့်ဆည်းရန် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်ဘီလီယံ ၂,၁၀၀ အထိ ချေးယူရန်လျာထားမှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခဲ့ကြောင်း သိရပါတယ်။ အောက်တိုဘာလ ၁၄ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင် က အစိုးရငွေတိုက်လက်မှတ်များနဲ့ ဗဟိုဘဏ်ထံမှ ချေးငွေရယူရန်လျာထားမှု ကို ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ထောက်ခံဆန္ဒမဲများသဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ ဗဟိုဘဏ်မှချေးငွေရယူခြင်းက သီးခြားစီမံကိန်းတစ်ခုအတွက် ရင်းနှီးမြှုပ်နှံရန်မဟုတ်ဘဲ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့လိုငွေကို ဖြည့်ဆည်းရန်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်ထင် က ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လျာထားတဲ့ ကျပ်ဘီလီယံ ၂,၁၀၀ ကို မဖြစ်မနေ အပြည့်အဝ ချေးယူမည်မဟုတ်ဘဲ လစဉ်အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များကို လေလံစနစ်နဲ့ ဦးစွာရောင်းချ၍ လိုအပ်သည့်ငွေကြေးကို ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယင်းနောက်လကုန်မှာ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းပိတ်ချိန်၌ လိုငွေဖြစ်ပေါ်မှသာ ဗဟိုဘဏ်မှ လိုအပ်တဲ့ပမာဏကို ချေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့အကြားချုပ်ဆိုထားတဲ့ သဘောတူညီချက် အရ အစိုးရငွေတိုက်လက်မှတ်များကို အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် ဗဟိုဘဏ်က ဝယ်ယူတဲ့နည်းလမ်းနဲ့ လိုငွေ ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ယင်းအစီအစဉ်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဗဟိုဘဏ်မှ ချေးငွေရယူခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုတို့အပေါ် သက်ရောက်နိုင်ခြေကို သတိပြုရန်နှင့် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒတို့ကို ဟန်ချက်ညီစွာ ညှိနှိုင်းဆောင်ရွက်ရန် အကြံပြုခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အစိုးရ၏ ဘဏ္ဍာရေးလိုငွေကို ဗဟိုဘဏ်မှ ဖြည့်ဆည်းတဲ့ ရာခိုင်နှုန်းမှာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ၇၀ ဒသမ ၈၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ၇ ဒသမ ၈၂ ရာခိုင်နှုန်းသို့ လျော့ကျခဲ့ကြောင်း လွှတ်တော်သို့တင်ပြတဲ့ အချက်အလက်များအရ သိရပါတယ်။ (NVS 008)