“Netflix က အလုပ်အကိုင် ၁,၀၀၀ ခန့် လျှော့ချမည်”
16 Oct
အွန်လိုင်းမှ ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများ ဝန်ဆောင်မှုပေးသည့် ဖျော်ဖြေရေးကုမ္ပဏီ Netflix သည် လုပ်ငန်း တိုးတက်မှုများနှေးကွေးနေချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်းအင်အား ၁,၀၀၀ ခန့်ကို လျှော့ချသွားမည်ဟု ဝေါစထရိတ်ဂျာနယ် (WSJ) တွင် ဖော်ပြထားသည်။ Netflix ကုမ္ပဏီသည် ဝန်ထမ်းအင်အား ၆ ရာခိုင်နှုန်းအထိ လျှော့ချသွားရန် စီစဉ်ထားကြောင်း ဝေါစထရိတ်ဂျာနယ်တွင် ပထမဦးဆုံး ဖော်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါပမာဏ သည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ကုမ္ပဏီ၏ အများဆုံးအလုပ်အကိုင်လျှော့ချသည့် ပမာဏဖြစ်သည်ဟု သိရသည်။ ကုမ္ပဏီ၏ ပူးတွဲအမှုဆောင်အရာရှိချုပ်များဖြစ်ကြသည့် ဂရက်ပီတာနှင့် တက်ဒ်ဆာရန်ဒေါ့စ် တို့သည် ဝန်ထမ်းများ ထံ ရှင်းလင်းချက်ထုတ်ပြန်သည့် အီးမေးလ်ကို အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းက ပေးပို့ခဲ့သည်။ ထုတ်လုပ်ရေး၊ နည်းပညာ၊ ဥပဒေရေးရာနှင့်လူသားအရင်းအမြစ်(HR)ဌာနများမှ ဝန်ထမ်းများကို လျှော့ချသွားမည်ဟု အဆိုပါအီးမေးလ်တွင် ဖော်ပြထားသည်။ ကမ္ဘာတစ်ဝန်းဖျော်ဖြေမှုပေးရန်ဟူသည့် Netflix ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် အရင်းအမြစ်များကို မည်သည့်နေရာတွင် ဦးစားပေး အသုံးပြုသွားမည်ဟူသော ဆုံးဖြတ်ချက်ကို စည်းကမ်းတကျဆောင်ရွက်ရန်လိုအပ်ကြောင်း အီးမေးလ်တွင် ဖော်ပြ ထားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။