“မက်ဆီ ရဲ့ အသက် ၃၀ နောက်ပိုင်း သွင်းယူခဲ့တဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ ဟာရီကိန်း”
15 Oct
ဘိုင်ယန်မြူးနစ်အသင်းကစားသမား ဟာရီကိန်း က အာဂျင်တီးနားဂန္ထဝင် မက်ဆီ ရဲ့ အသက် ၃၀ နောက်ပိုင်း သွင်းယူခဲ့တဲ့ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဟာရီကိန်း ဟာ ဗိုက်ကင်းအသင်းနဲ့ သရေကျတဲ့ပွဲစဉ်မှာ သွင်းဂိုး နှစ်ဂိုးသွင်းယူခဲ့တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အသက် ၃၀ နောက်ပိုင်း သွင်းယူတဲ့ဂိုးအရေအတွက် ၃၆ ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဒါကြောင့် အသက် ၃၀ နောက်ပိုင်း ချန်ပီယံလိဂ် ၄၈ ပွဲမှာ ၃၅ ဂိုး သွင်းယူခဲ့တဲ့ မက်ဆီ ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဟာရီကိန်းက အသက် ၃၀ ပြည့်ပြီးမှ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲ ၄၀ မှာ ၃၆ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာရီကိန်း ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၉ ပွဲဆက်တိုက် ဂိုးသွင်း နိုင်ခဲ့တာကြောင့် လီဝန်ဒေါစကီးနဲ့ နစ္စတယ်ရွိုင်းတို့ရဲ့ စံချိန်ကို လိုက်မီခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ ဒုတိယပွဲဆက် အများဆုံး ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲဆက်အများဆုံးဂိုးသွင်းနိုင်သူအဖြစ် စံချိန်တင်ထားသူကတော့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုဖြစ်ပြီး ရီးရဲလ်အသင်းမှာ ၂၀၁၇-၁၈ ရာသီတုန်းက ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)