“တက္ကသိုလ်ကျောင်းသားများ စစ်မှုထမ်းရမည်ဆိုတဲ့သတင်းက သတင်းအမှားဖြစ်ကြောင်း ထုတ်ပြန်ခဲ့”
15 Oct
တက္ကသိုလ်ကျောင်းသားများ နှစ်နှစ်ကြာယာယီကျောင်းနား၍ စစ်မှုထမ်းဆောင်ရမည်ဆိုတဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသော သတင်းမှာ မမှန်ကန်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အောက်တိုဘာလ ၁၄ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်ရှိ Yangon Media အမည်နဲ့ ဖော်ပြထားသော Page တစ်ခုက တက္ကသိုလ်ကျောင်းသားများ ယာယီကျောင်းနား၍ စစ်မှုထမ်းရမည်ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသတင်းမှာ စစ်မှုထမ်းရန် မဲပေါက်သူများက တက္ကသိုလ်ကျောင်းသားဖြစ်နေပေမယ့် နှစ်နှစ်ကြာကျောင်းနား၍ စစ်မှုထမ်းရမှာ ဖြစ်ပြီး ရွှေ့ဆိုင်းခွင့်မရှိကြောင်း၊ ထို့ပြင် မဲပေါက်ထားသူများ ထွက်ပြေးခြင်းမရှိစေရန် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID Smart Card များကို သိမ်းဆည်းထားကြောင်းတို့ကို ဖော်ပြခဲ့ပါတယ်။ သို့သော် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ (က)(၃) တွင် ပညာသင်ကြားနေသူများကို စစ်မှုထမ်းဆောင်ရန် ရွှေ့ဆိုင်းခွင့်ပြုနိုင်သည့် အမျိုးအစားအဖြစ် ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ဗဟိုအဖွဲ့က ရှင်းလင်းထားပါတယ်။ ဒါကြောင့် တက္ကသိုလ်ကျောင်းသားများ နှစ်နှစ်ကြာ ယာယီကျောင်းနား၍ စစ်မှုထမ်းရမည်ဆိုတဲ့ သတင်းမှာ သတင်းအတု၊ သတင်းအမှားသာဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အသိပေးထားရှိပါတယ်။