“ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရန် ရည်ရွယ်”
15 Oct
ပြည်တွင်းမှာ စက်သုံးဆီထုတ်လုပ်မှုတိုးမြှင့်ခြင်းက ပြည်ပတင်သွင်းမှု အစားထိုးရန်သာမက နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍများအတွက် လိုအပ်တဲ့စွမ်းအင်ဖြည့်ဆည်းပေးရန်နှင့် နိုင်ငံတော်အတွက် ရေရှည်တည်တံ့သည့် စီးပွားရေးအကျိုးအမြတ်များ ရရှိစေရန်ရည်ရွယ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၁၄ ရက်နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားမှာ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ က အဆိုပါရည်မှန်းချက်များ အောင်မြင်စေရန် ကုန်ကြမ်းဝယ်ယူမှုမှ ရေနံချက်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုအထိ လုပ်ငန်းအဆင့်ဆင့်မှာ ကုန်ကျစရိတ်များကို ခြုံငုံသုံးသပ်၍ ထိရောက်စွာ စီမံခန့်ခွဲ သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံ၏စွမ်းအင်လုံခြုံမှုအတွက် ပြည်ပစွမ်းအင်နှင့် ကုန်ကြမ်း များအပေါ် အလွန်အမင်းမှီခိုနေရမှုကို လျှော့ချရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ပေါင်းစပ်အသုံးပြုရန်နှင့် စွမ်းအင် သိုလှောင်နိုင်စွမ်း၊ အရေးပေါ်အခြေအနေများမှာ တုံ့ပြန်နိုင်စွမ်းတို့ကို မြှင့်တင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိစွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် ရေရှည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဟန်ချက် ညီစွာဆောင်ရွက်ရမှာဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့အပါအဝင် စွမ်းအင်အရင်းအမြစ်များကို ထိရောက်စွာအသုံးချ ရန်၊ စွမ်းအင်ချွေတာရေးနှင့် နည်းပညာသစ်များ ဖော်ထုတ်အသုံးချရေးတို့ကိုလည်း တစ်ပြိုင်နက် အလေးထား ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။