“သီလဝါဆိပ်ကမ်းက မြန်မာနိုင်ငံအတွက် အရေးပါတဲ့ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား”
15 Oct
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ရန်ကုန်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာသီလဝါဆိပ်ကမ်း(MITT)ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ဆိပ်ကမ်းတစ်ခုဖြစ်တယ်လို့ အောက်တိုဘာလ ၁၄ ရက်မွန်းလွဲပိုင်းမှာ ဆိပ်ကမ်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးစဥ် ထည့်သွင်းပြောကြားခဲ့ပါတယ်။ သီလဝါဆိပ်ကမ်းက နိုင်ငံအတွက်အရေးပါတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကုန်စည်တွေ သယ်ယူပို့ဆောင်ဖို့ အတွက် ပိုမိုအဆင်ပြေတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တာကြောင့် ဆိပ်ကမ်းလုပ်ငန်းတွေ တိုးတက်လာစေအောင် ကြိုးပမ်းဆောင်ရွက်ရမယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး Smart Semi Port ဆောင်ရွက်နိုင်ပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကာ ဆိပ်ကမ်းမှာ ကွန်တိန်နာသင်္ဘောများ ဆိုက်ကပ်မှုများပြားလာချိန်မှာ ကွန်တိန်နာများကို ပိုမိုလျင်မြန်စွာပို့ဆောင်နိုင်ရေးအတွက် မော်တော်ယာဉ်များဖြင့်သာမက မီးရထားများဖြင့်ပါ ပို့ဆောင်နိုင်ရေးအတွက် ဒွေးလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် စေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်ဧရာဝတီတိုင်းဒေသကြီးမှာ ပမ္မဝတီဆိပ်ကမ်းကို အဆင့်မြှင့်တင် ခဲ့ရာ ယင်းဆိပ်ကမ်းမှာ ပုသိမ်မြစ်တစ်လျှောက်မှဝင်ရောက်လာတဲ့ တန်ချိန် ၂ သောင်းမှ ၃ သောင်းအထိတင်ဆောင် နိုင်သော သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်နိုင်၍ ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိတဲ့ ဆန်များနှင့် ကုန်ပစ္စည်း များကို သင်္ဘောများနဲ့ ပြည်တွင်း/ပြည်ပသို့တင်ပို့နိုင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွက်လိုအပ်သော ကုန်ပစ္စည်း များကို သင်္ဘောများနဲ့ တင်ပို့နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတက မြန်မာအပြည်ပြည် ဆိုင်ရာသီလဝါဆိပ်ကမ်း(MITT)အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။