“ပြင်သစ်စူပါမားကတ်များ၏ လုပ်ငန်းလည်ပတ်မှုကို ဟက်ကာများ ဝင်ရောက်နှောင့်ယှက်”

15 Oct

ပြင်သစ်နိုင်ငံရှိ စူပါမားကတ်ရာနှင့်ချီတွင် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ရေခဲသေတ္တာများနှင့် အအေးခန်းများ၏အပူချိန်များ မြင့်တက်လာပြီး အတွင်း၌ သိုလှောင်ထားသည့် အစားအသောက်များ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း သိရသည်။ အောက်တိုဘာလ ၁၂ ရက်မှစတင်၍ ပြင်သစ်နိုင်ငံရှိ စူပါမားကတ်များကို ဟက်ကာများက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စတိုးဆိုင်ရာနှင့်ချီရှိ ရေခဲသေတ္တာကြီးများနှင့် အအေးခန်းများ၏အပူချိန်ကို အဝေးမှ ထိန်းချုပ်သည့်စနစ်များ ထိခိုက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အချို့စတိုးဆိုင်များတွင် ရေခဲသေတ္တာများ၏ အလိုအလျောက်ရေခဲပျော်စေသည့်စနစ်ကို ဟက်ကာများက အဝေးမှ ထိန်းချုပ်နှောင့်ယှက်ခဲ့ သဖြင့် အပူချိန်သည် ၅၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အလွယ်တကူ ပုပ်သိုးပျက်စီးနိုင်သည့် အစားအသောက်များကို ဆိုင်များက စွန့်ပစ်ခဲ့ရသည်။ အဆိုပါစနစ်များကို စီမံခန့်ခွဲသည့် ကုမ္ပဏီများ၏ ထုတ်ကုန်များတွင် ဆော့ဖ်ဝဲဗားရှင်းဟောင်းများအသုံးပြုထား ခြင်းနှင့် လုံခြုံရေးအားနည်းချက်များရှိခြင်းတို့ကြောင့် ဟက်ကာများက အခွင့်ကောင်းယူတိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင် ကြောင်း ယူဆထားသည်။ ပြင်သစ်အာဏာပိုင်များကလည်း စတိုးဆိုင်များအနေဖြင့် ဆော့ဖ်ဝဲများကို နောက်ဆုံး ဗားရှင်းအထိ အဆင့်မြှင့်တင်ထားရန်နှင့် အဝေးမှထိန်းချုပ်သည့်စနစ်များ၏ ဆိုက်ဘာလုံခြုံရေးကို အထူးဂရုပြုရန် တိုက်တွန်းထားသည်ဟု NHK သတင်းဌာနဖော်ြပချက်အရ သိရသည်။

15 Oct

ADVERTISE HERE .