“ဂျပန်ကုမ္ပဏီများ၊ သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် Anthropic ကြိုးပမ်း”
15 Oct
အမေရိကန်အခြေစိုက် ဉာဏ်ရည်တုနည်းပညာကုမ္ပဏီ Anthropic သည် ဂျပန်နိုင်ငံတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ကုမ္ပဏီ၏ ပူးတွဲ တည်ထောင်သူတစ်ဦးဖြစ်သူ ဂျက်ခ်ကလာ့ခ်က ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများနှင့် သုတေသန အဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ တိုကျိုမြို့ရှိ ရုံးခွဲသည် Anthropic ၏ အာရှ - ပစိဖိတ်ဒေသ အတွင်း ပထမဆုံးရုံးခွဲလည်းဖြစ်သည်။ ကလာ့ခ်သည် အောက်တိုဘာလ ၁၄ ရက်က တိုကျိုမြို့ရှိ သတင်းစာရှင်းလင်းပွဲတစ်ခုသို့ Anthropic ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တိုဂျိုဟိဒဲတိုရှီ နှင့်အတူ တက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံအတွင်း ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် အနာဂတ်အစီအစဉ်များကို ရှင်းလင်းပြောကြားရာ တိုဂျို က ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက Anthropic ၏ မျိုးဆက်သစ် ဉာဏ်ရည်တုနည်းပညာသုံးကိရိယာဖြစ်သည့် Claude ကို အသုံးပြုနေသော ဂျပန် စီးပွားရေးလုပ်ငန်းအရေအတွက်သည် ၁၀ ဆခန့်အထိ မြင့်တက်လာခဲ့ကြောင်း၊ ထို့ပြင် မျိုးဆက်သစ် ဉာဏ်ရည်တု နည်းပညာသည် လူ့အဖွဲ့အစည်းအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို လေ့လာဆန်းစစ်နိုင်ရန် ဂျပန်နိုင်ငံရှိ သုတေသန အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ကလာ့ခ်က ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းမှ အကျိုးကျေးဇူးများရရှိနိုင်မည့် အလား အလာအရ ဂျပန်နိုင်ငံသည် အထူးကောင်းမွန်သည့် အနေအထားတွင်ရှိနေကြောင်း ပြောကြားခဲ့သည်။ အကြောင်း မှာ ဂျပန်နိုင်ငံသည် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်၊ သိပ္ပံဆိုင်ရာစက်ကိရိယာများနှင့် စက်ရုပ်နည်းပညာကဏ္ဍတို့တွင် ကျွမ်းကျင်မှုနှင့်အားသာချက်များ ပိုင်ဆိုင်ထားသောကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်၍လည်း ဟက်ကာ များက Anthropic ၏ ဉာဏ်ရည်တုကိရိယာများကို အသုံးပြု၍ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းမှ တားဆီး နိုင်ရန် ကုမ္ပဏီအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်ဟု NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။